များပြားလှသော စစ်ရေးအကူအညီများကို အမေရိကန်ကွန်ဂရက်စ်က အတည်မပြုပေးပါက ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ယူကရိန်း ရှုံးနိမ့်သွားလိမ့်မည်ဟု ဧပြီ ၇ ရက် တွင် သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ထုတ်ဖော်ပြောကြားခဲ့သည်။
ရှေ့တန်းစစ်မျက်နှာတွင်ရှိနေသော ချာဆစ်ယာမြို့အနီးတစ်ဝိုက်၌ ဖြစ်ပွားနေသော တိုက်ပွဲများသည် ခက်ခဲ၊ ပြင်းထန်နေသည် ဆိုသော်လည်း မိမိတို့တပ်ဖွဲ့များက ခုခံလျက်ရှိသည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။
နှစ်ဘက်စလုံး၏လေကြောင်းထိုးစစ်များ ပြင်းထန်လျက်ရှိစဉ် ယူကရိန်း ဒရုန်းတစ်စင်းက ဇာပိုရီရှား နျူကလီးယားစက်ရုံကို ထိမှန်ခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အင်အားအပြည့်သုံး၍ ကျူးကျော်ပြီး မကြာမီအဆိုပါ စက်ရုံကို ရုရှားကထိန်းချုပ်ထားခဲ့သည်။
ကွန်ဂရက်၌ ရီပတ်လီကင်တို့က လပေါင်းများစွာ ပိတ်ဆို့ထားသော အမေရိကန် ဒေါ်လာဘီလျံ ၆၀ ရှိ အကူအညီများကို အမေရိကန်ပြည်ထောင်စုက စတင်ပေးပို့ရန် ယူကရိန်းက အလောတကြီးတောင်ဆိုမှုများ ပိုမိုလုပ်ဆောင်လျက်ရှိသည်။
“ကွန်ဂရက်က မကူညီဘူးဆိုရင် ယူကရိန်းဟာ စစ်ပွဲ ရှုံးသွားမယ်ဆိုတာကို ကွန်ဂရက်ကိုသေသေချာချာပြောဖို့ လိုပါတယ်”ဟု အွန်လိုင်းအစည်းအဝေးတွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
“အကူအညီမပေးဘူးဆိုရင် ယူကရိန်းဟာ ဆက်လက်ရှင်သန်ဖို့ ခက်ခဲပါလိမ့်မယ်။ ယူကရိန်းဟာ စစ်ပွဲရှုံးသွားမယ်ဆိုရင် အခြားနိုင်ငံတွေဟာ တိုက်ခိုက်တာခံရပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားသည် လွန်ခဲ့သောလများတွင် နယ်မြေစိုးမိုးမှု အသာရရှိရေးအတွက် ချာဆစ်ယာမြို့ကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့သည်။
“အခြေအနေဟာ ခက်ခဲ၊ ပြင်းထန်နေပါတယ်”ဟု ယင်းဒေသတွင် ယူကရိန်းဖြန့် ကြက်ထားသော တပ်ဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူ အိုလက်ကလာရှနီကော့ဗ်က ပြောကြားခဲ့သည်။ ရုရှားသည် ခြေလျင်တပ်များနှင့် လေကြောင်းတိုက်ခိုက်မှုများကို အသုံးပြုကာ တိုက်ခိုက်နေသည်ဟု ၎င်းက ယူကရိန်းရုပ် သံကို ပြောကြားခဲ့သည်။
“ရုရှားတွေဟာ ချာဆစ်ယာအပြင်ဘက်မှာရှိနေတဲ့ မြို့ငယ်တွေဖြစ်တဲ့ဘော့ဒါနစ်ဗခါနဲ့ အိုင်ဗန်နစ်စကီးတို့ကို တိုက်ရိုက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဖို့ကြိုးစားနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ဇာပိုရီရှားတောင်ပိုင်းရှိ ဂူလှိုင်ပိုးတွင် ရုရှားတိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးသွားသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
“အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ သူတို့အိမ်ရဲ့အပျက်အစီးတွေအောက်မှာ သေဆုံးသွားခဲ့ကြပါတယ်။ ရုရှားပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်ဟာ သူတို့ရဲ့ အိမ်ကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်”ဟု ယင်းဒေသ၏အကြီးအကဲ အိုင်ဗန်ဖီဒိုရော့က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
လွန်ခဲ့သော လများတွင် ပိုမိုတိုက်ခိုက်ခံလာရသော ခါကိဗ်အရှေ့မြောက်ပိုင်းဒေသရှိ ကူပီယန်ဆစ်ရှိ လူနေတိုက်တန်းလျားတွင် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။
ဧပြီ ၇ ရက်တွင် ရုရှားသည် နောက်ထပ်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သောကြောင့် အရပ်သားငါးဦး ဒဏ်ရာရသွားခဲ့သည်ဟု ခါကိဗ်မြို့ကြီးရှိ အာဏာပိုင်များကထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းမြို့သည် ဧပြီ ၆ ရက်တွင် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံခဲ့ရသည်ဟု ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
ရုရှားနယ်စပ်ဒေသများဖြစ်သော ဘဲလ်ဂိုရော့နှင့်ဘရိုင်းယင့်တို့တွင် ယူကရိန်းဒရုန်း ၁၅ စင်းကို ဖျက်ဆီးခဲ့သည်ဟု ရုရှားကပြောကြားခဲ့သည်။ အဆိုပါ နယ်စပ်ဒေသတွင် အသက်ငယ်သေးသော အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။