မြောက်ကိုရီးယားက ယခုနှစ်ထဲတွင် ထောက်လှမ်းရေးဂြိုဟ်တုများ ထပ်မံလွှတ်တင်မည့် အစီအစဉ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာတွင် တောင်ကိုရီးယားက ၎င်းတို့၏ ဒုတိယမြောက်စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် ရန်လိုမှုများမြင့်တက်နေစဉ် ၎င်းတို့ ၏ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုများကို ယမန်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အသီးသီးလုပ်ဆောင်ခဲ့သည်။ အဆိုပါဂြိုဟ်တုများသည် ၎င်းတို့၏ အပြန်အလှန် စောင့်ကြည့်နိုင်စွမ်းကို မြှင့်တင်ကာ ဒုံးလက်နက်ဖြင့် တိုက်ခိုက်ရေးစွမ်းရည်များကိုလည်း တိုးမြှင့်နိုင်မည်ဟု ၎င်းနှစ်နိုင်ငံက ဆိုသည်။
တောင်ကိုရီးယား၏ ဒုတိယမြောက်ထောက်လှမ်းရေးဂြိုဟ်တုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ကနေဒီ အာကာသစခန်းမှ ဒေသစံတော်ချိန် ဧပြီ ၇ ရက် ညနေခင်း(ဆိုးလ်မြို့စံတော်ချိန် ဧပြီ ၈ ရက် နံနက်ပိုင်း)တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ယင်းဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းနှင့်ဒုံးပျံယာဉ်မှခွဲထွက်ပြီးနောက် မြေပြင်ထိန်းချုပ်ခန်းနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
“ဒုတိယမြောက် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်တာကြောင့် တောင်ကိုရီးယားစစ်တပ်ဟာ အမှီအခိုကင်းတဲ့ စောင့်ကြည့်ရေးစွမ်းရည်ကို ထပ်မံဖြည့်တင်းနိုင်ခဲ့ပြီး ဒုံးလက်နက်ဖြင့် ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်နိုင်စွမ်းကိုလည်း ထပ်မံမြှင့်တင်နိုင်ခဲ့တယ်”ဟု ကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရ ဂျွန်ဟာဂူက သတင်းထောက်များကို ပြောကြားခဲ့သည်။
SpaceX နှင့် ချုပ်ဆိုထားသည့် သဘောတူစာချုပ်အရ တောင်ကိုရီးယားသည် ၂၀၂၅ ခုနှစ်နောက်ဆုံးထား၍ ထောက်လှမ်းရေးဂြိုဟ်တုငါးစင်း ထပ်မံစေလွှတ်ရန် စီစဉ်ထားသည်ဟု တောင်ကိုရီးယားကာကွယ်ရေးနှင့် စစ်လက်နက်ဝယ်ယူရေး အစီအစဉ် စီမံခန့်ခွဲရေးဌာန၏ အဆိုအရ သိရသည်။ ၎င်းအနေဖြင့် မြောက်ကိုရီးယားအားစောင့်ကြည့်ထောက်လှမ်းနိုင်စွမ်းတိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယမန်နှစ် ဒီဇင်ဘာ ၁ ရက်က ပထမဆုံးထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒန်ဘာ့ဂ် အာကာသတပ်ဖွဲ့ အခြေစိုက်စခန်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်ကလည်း ပထမဆုံးစစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တုကို Space X ဒုုံးပျံယာဉ်ဖြင့် အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်းနှင့် ၎င်းဂြိုဟ်တုသည် ပတ်လမ်းအတွင်းသို့ ရောက်ရှိသွားကြောင်း တောင်ကိုရီးယားက ဒီဇင်ဘာ ၂ ရက်တွင် အတည်ပြုခဲ့သည်။
၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားက စွမ်းဆောင်ရည်စောင့်ကြည့်အကဲဖြတ်ရေး ဂြိုဟ်တုဟုဆိုသည့် ဂြိုဟ်တုတစ်လုံးကို ကိုယ်ပိုင်နည်းပညာဖြင့် ပြည်တွင်းထုတ်ဒုံးပျံယာဉ်ကို အသုံးပြု၍ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။ ထို့ကြောင့် တောင်ကိုရီးယားသည် ယင်းသို့လုပ်ဆောင်နိုင်သည့် ဒသမမြောက်နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် Space X ဒုံးပျံယာဉ်ဖြင့် ဂြိုဟ်တုလွှတ်တင်ခြင်းသည် ပို၍ အကုန်အကျသက်သာသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။