ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော် ရှိ အီရန်၏ ကောင်စစ်ဝန်ရုံးအား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် အမေရိကန်က ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကြိုတင်အကြောင်းကြားမခံခဲ့ရကြောင်း အမေရိကန်အရာရှိများက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ထိပ်သီးအဖွဲ့ဝင်များအပါအဝင် ဒါဇင်နှင့်ချီသည့် လူများသေဆုံးခဲ့သည့် အဆိုပါတိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည်ဟု အီရန်က ပြောကြားခဲ့ပြီး အစ္စရေးကမူ ထိုဖြစ်စဉ်အပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
“ဒမတ်စကတ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ မပတ်သက်ခဲ့ပါဘူး”ဟု အမျိုးသား လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် အစ္စရေး၏ အဓိက ထောက်ခံသူဖြစ်သည့် အမေရိကန်၏ တာဝန်မကင်းကြောင်း ပြောကြားခဲ့သည့် အီရန်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်စကားများသည် အဓိပ္ပာယ်မရှိကြောင်း ကာဘီက ပြော ကြားခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ လက်ထောက် သတင်းပြန်ကြားရေးအတွင်းရေးမှူး ဆက်ဘရီနာ ဆင်းကလည်း ထိုတိုက်ခိုက်မှုတွင် အမေရိကန်၏ အခန်းကဏ္ဍ မပါဝင်ဘဲ ထိုအကြောင်း အီရန်အား ပုဂ္ဂလိက ဆက်သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် အမှာစကားပါးခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
“အစ္စရေးဟာ ဒမတ်စကတ်မှာ သူတို့ရဲ့ ပစ်မှတ် ဒါမှမဟုတ် သူတို့ရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို အကြောင်း မကြားခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုမှာ ကျွန်တော်တို့ တာဝန်မရှိဘူးဆိုတဲ့အကြောင်းကို အီရန်ကို ပုဂ္ဂလိက ဆက်သွယ်ရေးလမ်းကြောင်းတွေက တစ်ဆင့် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ ပြီးပါပြီ”ဟု ဆင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဧပြီ ၁ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ခုနစ်ဦးနှင် ဆီးရီးယားနိုင်ငံသား ခြောက်ဦး သေဆုံးခဲ့သည်ဟု အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
သေဆုံးသူများအနက် ထိပ်သီးတစ်မှူး နှစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် မိုဟာမက် ရီဇာဇာဟီဒီနှင့် မိုဟာမက် ဟာဒီ ဟာဂျီ ရာဟီမီ တို့လည်း ပါဝင်ခဲ့သည်ဟု အီရန်အစောင့်တပ် ဖွဲ့က ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်များ သေဆုံးခဲ့သည်ကို အမေရိကန်က သိရသော်လည်း သေဆုံးသူများသည် မည်သူမည်ဝါဖြစ်သည် ဆိုခြင်းကို အတည်မပြုနိုင်ခဲ့ကြောင်း ဆင်းက ပြောကြားခဲ့သည်။
အစ္စရေးဒုံးကျည်များက အီရန်သံရုံး၏ ကောင်စစ်ဝန် တိုးချဲ့ဆောင် အဆောက်အအုံကို ပျက်စီး သွားစေခဲ့သည်ဟု ဗြိတိန်အခြေ စိုက်စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ဆီး ရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (SOHR) က ထုတ်ပြန်ခဲ့သည်။
အက်ဖ်-၃၅ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်လေယာဉ်များက အဆောက်အအုံကို ဒုံးကျည် ခြောက်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယားဆိုင်ရာ အီရန်သံအမတ် ဟော်ဆိန်အက်ဘာရီက အီရန်အစိုးရ ရုပ်သံကို ပြောကြားခဲ့သည်။