ပီရူးသမ္မတ ဒိုင်နာဘိုလူအာတေး ဝတ်ထားသည်ကို မြင်ရသော ရိုးလက်စ်နာရီများကို ၎င်း မည်သို့မည်ပုံရရှိခဲ့သလဲဆိုသည့် ကိစ္စအား စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိစဉ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်လာသော အစိုးရအဖွဲ့အပြောင်းအလဲတွင် ပီရူးဝန်ကြီးခြောက်ဦး နုတ်ထွက်သွားခဲ့သည်။
ပီရူး၌ ရိုးလက်စ်နာရီအရှုပ်တော်ပုံဖြစ်ပွားနေခြင်းနှင့်အတူ ပထမဆုံးနုတ်ထွက်သွားသော ဝန်ကြီးမှာ ပြည်ထဲရေးဝန်ကြီး ဗစ်တာတောရက်စ်ဖြစ်သည်။ ၎င်း၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရဲများက သမ္မတ၏အိမ်နှင့်ရုံးခန်းတို့ကို စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီးနောက်နှစ်ရက်အကြာတွင် ပြည်ထဲရေးဝန်ကြီး နုတ်ထွက်သွားခြင်းဖြစ်သည်။
ထို့နောက် နာရီပိုင်းအတွင်းတွင် အခြားဝန်ကြီးငါးဦးသည် နုတ်ထွက်သွားခဲ့သည်။ နုတ်ထွက်သွားသောဝန်ကြီးများမှာ အမျိုးသမီးရေးရာ ဝန်ကြီး၊ပညာရေးဝန်ကြီး၊ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး၊ ကုန်ထုတ်လုပ်ရေးဝန်ကြီး၊ ပြည်ပကုန်သွယ်ရေး ဝန်ကြီးတို့ဖြစ်သည်။
အစိုးရအဖွဲ့သည် ဝန်ကြီးများနုတ်ထွက်သွားရသည့် ကိစ္စကို ရှင်းလင်းပြောကြားခြင်းမရှိခဲ့ပေ။ သို့ရာတွင် ဝန်ကြီးချုပ်သစ် ဂူစတာဗိုအက်ဒရီယန်ဇန်နှင့်၎င်း၏ဝန်ကြီးအဖွဲ့တို့ ကွန်ဂရက်တွင် ကျမ်းမကျိန်မီနှစ်ရက်အလို တွင် ဝန်ကြီးခြောက်ဦးနုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ကွန်ဂရက်တွင် ဝန်ကြီးချုပ်သစ်ကျမ်းကျိန်မည့်ကိစ္စကို လွန်ခဲ့သောတစ်လတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၁ ရက်ညပိုင်းတွင် သမ္မတဘိုလူအာတေးသည် ရာထူးမှထွက်သွားသော ဝန်ကြီးခြောက်ဦးနေရာတွင် အစားထိုးရန် ဝန်ကြီးအသစ်ခြောက်ဦးကို ကျမ်းသစ္စာကျိန်ဆိုစေခဲ့သည်။
ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် မိမိနုတ်ထွက်ခဲ့သည်ဟုအစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် တော်ရက်စ်က ပြောကြားခဲ့သည်။
သို့ရာတွင် လွန်ခဲ့သောရက်ပိုင်းက သမ္မတ၏အိမ်ကိုရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုလုပ်ဆောင်ခဲ့သည့်အတွက် အပြစ်ပေးခံရသည့်အနေဖြင့် ပြည်ထဲရေးဝန်ကြီးတော်ရက်စ်ထုတ်ပယ်ခံရခြင်းဖြစ်သည်ဟုအများစုက ရှုမြင်ထားသည်။ ထို့အပြင်လမ်းပေါ်က ရာဇဝတ်မှုများမြင့်တက်လာခြင်းအတွက် ၎င်းသည် ကွန်ဂရက်တွင် ဖိအားပေးခြင်းခံခဲ့ရသည်။
မိမိ နုတ်ထွက်မည့်ကိစ္စကို သမ္မတဘိုလူအာတေးနှင့်အတူ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တော်ရက်စ်က ပြောကြားခဲ့သည်။ “ကျွန်တော်က သမ္မတကို မေတ္တာရပ်ခံပြီး နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ သမ္မတကလည်း လက်ခံခဲ့ပါတယ်”ဟု တော်ရက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ပီရူးနိုင်ငံရေးသည် ရှုပ်ထွေးသောလောကဖြစ်သည်။ လွန်ခဲ့သော ရှစ်နှစ်အတွင်းတွင် ပီရူးသည် သမ္မတ ခြောက်ဦးရှိခဲ့သည်။
နောက်ဆုံးဖြစ်ပွားသည့် ရိုးလက်စ်နာရီအရှုပ်တော်ပုံမှာ မတ်လလယ်တွင် သတင်းအစီအစဉ်တစ်ခုက သမ္မတဘိုလူအာတေးသည် တန်ဖိုးကြီးသော ရိုးလက်စ်နာရီအများအပြားကို ပိုင်ဆိုင်ထားကြောင်း တင်ပြခဲ့ပြီး နောက် ရိုးလက်စ်နာရီကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။ သမ္မတဘိုလူအာတေးသည် တစ်နှစ်ကို လစာ အမေရိကန်ဒေါ်လာ ၅၅,၀၀၀ ရရှိသည်။ ယခုအခါ သမ္မတသည် လူကြိုက်များမှု သိသိသာသာကျဆင်းလျက် ရှိသည်ဟု သိရသည်။