ဧပြီ ၃ ရက်က ထိုင်ဝမ်တွင် လှုပ်ခတ်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အားအပြင်းဆုံး ငလျင်ဒဏ်ကြောင့် သေဆုံးသူကိုးဦးထက်မနည်းရှိလာပြီး ဒဏ်ရာရသူ ၁,၀၀၀ ကျော် ရှိလာခဲ့ကာ ငလျင်လှုပ်ခတ်ပြီးနောက် မြေ အောက်ဥမင် အဝေးပြေးလမ်းတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက အပူတပြင်း ကယ်ထုတ်လျက်ရှိသည်။
အဆိုပါအင်အားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံ၌သာမက ဖိလစ်ပိုင်တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
လူဒါဇင်ပေါင်းများစွာ ဘေးကင်းခဲ့သည်ဟု ယူဆရသော်လည်း ငလျင်ဒဏ်ကြောင့် အကြီးစားမြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် နေရာများသို့ ကယ်ဆယ်ရေးသမားများ မရောက်ရှိနိုင်သေးပေ။
အဆိုပါငလျင်သည် ၂၅ နှစ်အတွင်း ထိုင်ဝမ်၌ လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အားအပြင်းဆုံးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားပြီး လာမည့်ရက်များတွင်လည်း ငလျင်များထပ်မံလှုပ်ခတ်နိုင်ကြောင်း သတိပေးထားသည်။
တင်းကျပ်သည့် ဆောက်လုပ်ရေးစည်း မျဉ်းစည်းကမ်းများနှင့် လူထု၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာကြွယ်ဝမှုတို့ကြောင့် မကြာခဏ ငလျင်လှုပ်လေ့ရှိသည့် ထိုင်ဝမ်ကျွန်းသည် အကြီးစားကပ်ဘေးကြီး တစ်ခုကို တွန်းလှန်နိုင်ခဲ့ပုံရသည်။
“ကျွန်မတို့ တော်တော်လေး ကံကောင်းခဲ့တယ်။ အိမ်ထဲက အလှဆင်ပစ္စည်းတော်တော်များများ ပြုတ်ကျခဲ့ပေမဲ့ လူကိုထိခိုက်မှု မရှိခဲ့ဘူး” ဟု ချန်ဟုအမည်ရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ ၎င်းအမျိုးသမီးသည် င လျင်ဒဏ်ကြောင့် လုံးလုံးလျားလျား ပြိုကျလု နီးပါးဖြစ်ခဲ့သည့် ပုံနှိပ်စက်ဂိုဒေါင်အနီးတွင် နေထိုင်သူဖြစ်သည်။
၎င်းငလျင်သည် ၁၉၉၉ ခုနှစ် စက်တင်ဘာလက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အားအပြင်းဆုံးဖြစ်သည်ဟု ထိုင်ဝမ်မိုးလေဝသ ဗဟိုဦးစီးဌာနလက်အောက်ရှိ မြေငလျင်ဌာန ညွှန်ကြားရေးမှူး ဝူချန်းဖူက ပြောကြားခဲ့သည်။ ၁၉၉၉ ခုနှစ် ငလျင်သည် ထိုင်ဝမ်ကျွန်း၏ သမိုင်းတစ်လျှောက်တွင် လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ် ဖြစ်စဉ်ဖြစ်ပြီး လူပေါင်း ၂,၄၀၀ ခန့် သေဆုံးခဲ့သည်။
ဧပြီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမတိုင်မီတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျုရှိ ငလျင်သည် ဟွာလျန်မြို့၏တောင်ဘက်၊ ၁၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၃၄ ဒသမ ၈ ကီလိုမီတာ အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာလေ့လာရေးဌာန (USGS)က ထုတ်ပြန်ခဲ့သည်။
ငလျင်ဒဏ်ကြောင့် သေဆုံးသူကိုးဦးရှိလာပြီး သေဆုံးသူအားလုံးသည် ဟွာလျန်မြို့မှဖြစ်ကြောင်း ထိုင်ဝမ်အမျိုးသားမီးသတ်ဌာနက ပြောကြားခဲ့ပြီး ဒဏ်ရာရသူ ၁,၀၁၁ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ကနဦးတွင် ထိုင်ဝမ်၊ ဂျပန်နှင့် ဖိလစ်ပိုင် အာဏာပိုင်များသည် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ဧပြီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ဆူနာမီအန္တရာယ်ကို ကျော်လွန်သွားပြီဟု ပစိဖိတ်ဒေသ ဆူနာမီ သတိပေးစင်တာက ဆိုသည်။
ထိုင်ဝမ်၏မြို့တော် တိုင်ပေတွင် မြေအောက်ရထားပြေးဆွဲမှုများ ခေတ္တရပ်ဆိုင်းသွားသော်လည်း တစ်နာရီအတွင်း ပြန်လည်ပြေးဆွဲနိုင်ခဲ့ပြီး ဓာတ်ငွေ့ယိုစိမ့်မှုများ ဖြစ်ပေါ်ခြင်းရှိမရှိ စစ်ဆေးရန်လည်း ဒေသန္တရ အာဏာပိုင်များက ဒေသခံများကို သတိပေးခဲ့သည်။
ထိုင်ဝမ်ရေလက်ကြားတစ်ဖက်တစ်ချက်ရှိ တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင်လည်း ပြင်းထန်သည့် တုန်ခါမှုဒဏ်ကို ခံစားခဲ့ရကာ ဟောင်ကောင်တွင်လည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။ သဘာဝဘေးအတွက် အကူအညီပေးရန် ဆန္ဒရှိကြောင်း တရတ်က ဆိုသည်။