မန်ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က လူတန်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ၌ ပထမပိုင်းအပြီးတွင်ပင် ကက်စီမီရိုနှင့် မက်ဂွိုင်းရားတို့အား လူစားလဲခဲ့ခြင်းမှာ အနီကတ်ထိမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်ယူနိုက်တက်အသင်းသည် ယင်းပွဲ၌ လူတန်အသင်းကို အဝေးကွင်းတွင် အနိုင်ရရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် လူတန်အသင်း၏ တိုက်စစ်ကစားဟန်ကို အလူးအလဲကာကွယ်ခဲ့ရသည်။
ယင်းမှာ အဲရစ်တန်ဟက်ဂ်၏ လူစားလဲသည့် ဆုံးဖြတ်ချက်အမှားကြောင့်ဖြစ်ပြီး ကက်စီမီရိုနှင့် မက်ဂွိုင်းရားတို့နေရာတွင် တွမ်မီနေးနှင့် ဂျွန်နီအီဗန်စ်တို့ကို လူစားလဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
သို့ရာတွင် အဲရစ်တန်ဟက်ဂ်ကမူ ကက်စီမီရိုနှင့် မက်ဂွိုင်းရားတို့ကို လူစားလဲခဲ့ခြင်းမှာ အနီကတ်အပြခံရမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် သူ၏ဆုံးဖြတ်ချက်မမှားကြောင်း ကာကွယ်သည့်အနေဖြင့် မန်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ပိုမိုကောင်းမွန်ခဲ့သည်ဆိုသည့် သဘောမျိုးကိုလည်း မီဒီယာများအား ပြန်လည်ဖြေကြားခဲ့သည်။
တန်ဟက်ဂ်က ”ကျွန်တော် ကွင်းလယ်ဒိုင်ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ သိပ်အခြေအနေမကောင်းဘူးလို့ ခံစားရတယ်။ ဒီအတိုင်းဆိုရင် နောက်တစ်ကြိမ် အမှားထပ်လုပ်ရင် ကက်စီမီရိုနဲ့ မက်ဂွိုင်းရားတို့ကို သူ အနီကတ်ပြမှာပဲ လို့လည်း ကျွန်တော် ထင်နေတယ်။ ဒါကြောင့် သူတို့ နှစ်ဦးကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ တကယ်တော့ တွမ်မီနေးနဲ့ ဂျွန်နီအီဗန်စ်တို့က လူစားထိုးမှုကောင်းတွေဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဘာစွန့်စားမှုမှ မလုပ်ချင်ပါဘူး။ ဒီလို ဆုံးဖြတ်ခဲ့တာက ကျွန်တော့်အတွက်တော့ အရမ်းမှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကျွန်တော့်အထင် ပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့အသင်းက ပိုကောင်းတဲ့အခွင့်အရေးတွေ ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ခံစစ်ကို အရမ်းဆင်းမိသွားတဲ့အချိန်မှာမှ သူတို့ကို အခွင့်အရေးတချို့ ပေးခဲ့ရတာပါ။ ကျွန်တော့်အထင် ဒုတိယပိုင်းမှာ ဘရူနို၊ ဂါနာချိုနဲ့ ရပ်ရှ်ဖို့ဒ်တို့ ဂိုးတွေ ထပ်သွင်းနိုင်ခဲ့သင့်ပါတယ်။ ဂိုးတွေသာဝင်ခဲ့ရင် ကျွန်တော်တို့အတွက် အရမ်းလွယ်ကူသွားခဲ့မှာပါ”ဟု ပြောကြားခဲ့သည်။