ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ယန်းခရစ္စတီယန်ဒရီးဆန်က လတ်တလောရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသော်လည်း အသင်းနည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်ကို ရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဘိုဟုမ်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံတွင် (၃) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဖလားကို ရယူနိုင်ရန်အတွက်လည်း အလွန်ခက်ခဲသည့် အခြေအနေဖြစ်သွားခဲ့သည်။
လက်ရှိအခြေအနေ၌ ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပွဲစဉ် (၂၂) အပြီးတွင် ရမှတ် (၅၀) သာရရှိထားပြီး ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လေဗာကူဆင်အသင်းနှင့် (၈) မှတ်ကွာ အနေအထားအထိ ရောက်ရှိသွားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယင်းပွဲမတိုင်မီကလည်း ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် လာဇီယိုအသင်းကို အဝေးကွင်း၌ ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်အဆင့်တက်ရောက်ရန်အတွက် ရုန်းကန်ရဦးမည့်အခြေအနေတွင်ရှိနေသည်။
နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၃) ပွဲတွင် တစ်ပွဲသာဂိုးရရှိသည်အထိ အခြေအနေဆိုးခဲ့ပြီး သောမတ်စ်တူဟယ်လ်အား ရာထူးမှထုတ်ပယ်သင့်ပြီဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။
ဘိုင်ယန်မြူးနစ်အသင်း၏ လက်ရှိအခြေအနေမှာ နောက်ပိုင်းနှစ်များတွင် အဆိုးရွားဆုံးအခြေအနေဖြစ်သည်ဟု ဂျာမန်မီဒီယာများကလည်း သုံးသပ်နေကြပြီး အသင်း၏အမှုဆောင်ချုပ်ဖြစ်သူ ဒရီးဆန်ကမူ ”ကျွန်တော် (ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး) တော်တော်လေး စိတ်ရှုပ်မိပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့အသင်းနည်းပြနဲ့ ပတ်သက်ပြီး ဘာကြေညာချက်ကိုမှ ထုတ်စရာမလိုသေးဘူးလို့ ထင်ပါတယ်။ ဒီကိစ္စ(ရာထူးက ထုတ်ပယ်ခြင်းကိုရည်ရွယ်) ဟာ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ရှိမနေပါဘူး”ဟု ပြောကြားခဲ့သည်။
ဒရီးဆန်၏ ယင်းကဲ့သို့ ပြောကြားမှုအပေါ် ဂျာနယ်လစ်များက သောမတ်စ်တူဟယ်လ်သည် လာမည့်အပတ်များတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေဦးမည်လားဟု ထပ်မံမေးမြန်းခဲ့ရာတွင်လည်း ဒရီးဆန်က ”သေချာတာပေါ့”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ တူဟယ်လ်ကမူ ”ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့မှုက ထိုက်တန်တယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော့်အမြင်ပြောရရင် အရာအားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ဘက်ကို သွားနေပါတယ်။ ကျွန်တော်တို့အရမ်းကောင်းတဲ့အခွင့်အရေး (၄၊ ၅၊ ၆) ကြိမ်တောင်ရခဲ့ပြီး ပွဲကိုလည်း လုံးဝကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းက ရှေ့နှစ်ပွဲနဲ့ မတူပါဘူး”ဟု ဆိုခဲ့သည်။