အက်သလက်တီကို၊ မန်ယူအသင်းများတွင်ကစားခဲ့သည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယား (၃၃ နှစ်)သည် လာလီဂါပြိုင်ပွဲတွင် ပြန်ကစားခွင့်ရရှိရန် စိတ်အားထက်သန်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။
ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းမှထွက်ခွာခဲ့သူဖြစ်ပြီး လက်ရှိတွင် ကလပ်အသင်းလက်မဲ့ဖြင့် တစ်ဦးတည်းလေ့ကျင့်မှုများပြုလုပ်နေသူဖြစ်သည်။
ဒီဟေးယားအနေဖြင့် ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးဖြစ်သော်လည်း ၎င်း၏မြင့်မားသည့်လစာငွေမှာ ကလပ်အသင်းများအတွက် အခက်အခဲဖြစ်စေခဲ့ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများမှာလည်း အကြိမ်ကြိမ်ပျက်ပြယ်ခဲ့ကြောင်းသိရသည်။
သို့သော် လက်ရှိတွင် ဒီဟေးယားအနေဖြင့် ဘောလုံးကွင်းများတွင် ပြန်လည်ခြေချလိုနေပြီး စပိန်လာလီဂါတွင် ကစားခွင့်ရရန် စိတ်အားထက်သန်နေသောကြောင့် လစာငွေအပါအဝင် စာချုပ်အတွက် ဆွေးနွေးမှုများကို လက်ခံပြုလုပ်သွား ဖွယ်ရှိနေကြောင်းသိရသည်။
လက်ရှိ လာလီဂါကလပ်အသင်းများဖြစ်သည့် ဘက်တစ်၊ ဗီလာရီးယဲလ်နှင့် ဆီဗီလာတို့မှာ ဂိုးသမားနေရာအတွက် စောင့်ကြည့်မှုများပြုလုပ်နေပြီး ဒီဟေးယားအတွက် အခွင့်အရေးဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။
အက်သလက်တီကိုအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်သည့် ဒီဟေးယားသည် အက်သလက်တီကိုအသင်းကြီးနှင့်အတူ လာလီဂါတွင် (၂)ရာသီကြာ (၂၀၀၉-၁၀၊ ၂၀၁၀-၁၁) ကစားခဲ့ဖူးပြီး ပြီးခဲ့သည့်နှစ်များအတွင်းက စပိန်ထိပ်သီးကလပ်ရီးယဲလ်အသင်းထံပြောင်းရွှေ့ရန် အကြိမ်ကြိမ်နီးစပ်ခဲ့ဖူးသူဖြစ်သည်။