ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ရွိုင်း ဟော့ဒ်ဆန်သည် ဖေဖော်ဝါရီ ၁၅ ရက်က လေ့ကျင့်ရေးကွင်း၌ နေမကောင်းဖြစ်ခဲ့သောကြောင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။
ဟော့ဒ်ဆန် (၇၆ နှစ်) အနေဖြင့် ပဲလေ့စ် အသင်း၏ ရလဒ်ဆိုးများကြောင့် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေစဉ် လေ့ကျင့်ရေးကွင်း၌ နေမကောင်းဖြစ်သောကြောင့် ဆေးရုံတင်ပို့ခဲ့ရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဟော့ဒ်ဆန်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် အဲဗာတန်အသင်းနှင့်ကစားရမည့် အဝေးကွင်းပွဲစဉ်ကို ကြီးကြပ်နိုင်ခြင်းမရှိဘဲ လွဲချော်မည်ဖြစ်သည်။
“ရွိုင်းဟော့ဒ်ဆန်ဟာ လေ့ကျင့်ရေးအစီအစဉ်မှာ နေမကောင်းဖြစ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် သူ့ရဲ့အခြေအနေက အခုအချိန်မှာ တည်ငြိမ်နေပြီဆိုတာ အတည်ပြုပါတယ်။ အခုလောလောဆယ် ဆေးရုံမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ အသင်းမှာရှိသူအားလုံးက ရွိုင်းအမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ ဆုတောင်းပေးနေပါတယ်” ဟု ပဲလေ့စ်အသင်းက ထုတ်ပြန်ခဲ့သည်။
ပဲလေ့စ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၂၄ ပွဲကစား၊ ခြောက်ပွဲသာ အနိုင်ရကာ ခြောက်ပွဲသရေ၊ ၁၂ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်ဖြင့် အဆင့် ၁၅ နေရာရောက်ရှိနေပြီး တန်းဆင်းဇုန်နှင့် ငါးမှတ်သာကွာဟလျက်ရှိသည်။
ပဲလေ့စ်အသင်းအနေဖြင့် နိုဝင်ဘာမှ ဖေဖော်ဝါရီအထိ နောက်ဆုံးကစား သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲတွင် နှစ်ပွဲ သာ အနိုင်ရခဲ့သောကြောင့် ဟော့ဒ်ဆန်၏ နေရာတွင် ဖရန့်ဖတ်အသင်းနည်းပြဟောင်း ဂလက်စ်နာဖြင့် အစားထိုးဖွယ်ရှိနေသည်။