တောင်ကိုရီးယားလက်ရွေးစင်အသင်းနည်းပြ ယာဂန်ကလင်းစမန်းသည် အာရှဖလားပြိုင်ပွဲ၌ အောင်မြင်မှုမရသဖြင့် တစ်နှစ်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
အသက် ၅၉ နှစ်အရွယ် ဂျာမနီနိုင်ငံသား နည်းပြ ကလင်းစမန်း၏စာချုပ်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိဖြစ်သော်လည်း အာရှဖလားပြိုင်ပွဲ၌ အောင်မြင်မှုရယူပေးနိုင်ခြင်း မရှိသဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
တောင်ကိုရီးယားအသင်းသည် ကလင်းစမန်းလက်ထက် တစ်နှစ်တာကာလအတွင်း ခြေစွမ်းနှင့် ရလဒ်ပိုင်း တည်ငြိမ်မှုမရှိဘဲ ပြိုင်ပွဲစုံ ၁၈ ပွဲကစားရာ ရှစ်ပွဲသာ အနိုင်ရပြီး ခုနစ်ပွဲ သရေ၊ သုံးပွဲရှုံးနိမ့်ကာ အာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ ဂျော်ဒန်အသင်းအား ဂိုးပေါက် တည့်သည့်သွင်းယူမှု တစ်ကြိမ်ပင်မရှိဘဲ (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) ၏ အကြံပေး ကော်မတီက ကလင်းစမန်းအား ထုတ်ပယ်ရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အကြောင်းအမျိုးမျိုးကြောင့် နည်းပြ ကလင်းစမန်းအနေနဲ့ နိုင်ငံအသင်းရဲ့နည်းပြအဖြစ် ဆက်လက်ဦးဆောင်မှုမလုပ်နိုင်တော့ဘဲ အစားထိုးမှုလုပ်ဖို့ လိုအပ်ကြောင်း သုံးသပ်ချက်ရရှိခဲ့ပါတယ်” ဟု KFA ၏ နည်းစနစ်ဒါရိုက်တာ ဟွမ်ဘိုကွမ်က သတင်းထောက် များအား ပြောကြားခဲ့သည်။
ကလင်းစမန်းသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တောင်ကိုရီးယားအသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သို့သော် ၎င်းင်းအနေဖြင့် ကိုရီးယားနိုင်ငံ၌ ခေတ္တသာနေထိုင်၍ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌သာ အနေများသောကြောင့် ဝေဖန်မှုများခံခဲ့ရသလို ကေလိဂ်-၁ ရှိ ကစားသမားများအပေါ်လည်း စိတ်ဝင်စားမှုနည်းပါးကြောင်း စွပ်စွဲမှုများရှိခဲ့သည်။
ဆိုးလ်အခြေစိုက် သတင်းစာတစ်စောင်က ကလင်းစမန်းအနေဖြင့် ပထမဆုံးခြောက်လအတွင်း ကိုရီးယား၌ ၆၇ ရက်သာနေထိုင်ခဲ့ပြီး အခြားပြည်ပနည်းပြများနှင့် ခြားနားချက်ကို နှိုင်းယှဉ်ဖော်ပြခဲ့ဖူးသည်။ ထို့ပြင် ၎င်း၏ကစားသမားရွေးချယ်မှု၊ နည်းဗျူဟာပိုင်းအပြင် မိမိအသင်း ရုန်းကန်နေရသည့်အခြေအနေမှာပင် ပြုံးရွှင်နေသည့် မျက်နှာအမူအယာကြောင့် ဝေဖန်မှုများလည်း ရင်ဆိုင်ခဲ့ရသည်။
ကလင်းစမန်းသည် ယခင်က ဂျာမနီနှင့် အမေရိကန်လက်ရွေးစင်အသင်း၊ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နှင့် ဟာဟာဘာလင်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသည်။