လီဗာပူးလ်အသင်းအားပေးသူပရိသတ်များသည် ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲမည့် နည်းပြ ယာဂန်ကလော့ပ်၏နေရာတွင် ဆက်ခံစေလိုသူအဖြစ် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သည့် လက်ရှိ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုနှင့် အသင်းမှထွက်ခွာသွားမည်ကို အကြောက်ဆုံးကစားသမားအဖြစ် တိုက်စစ်ကစားသမား ဆာလာကို မဲပေးရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
အသက် ၅၆ နှစ်အရွယ်ရှိ ဂျာမန်လူမျိုး နည်းပြ ကလော့ပ်သည် ယခုရာသီကုန်တွင် ရှစ်နှစ်ကျော်ကြာ ကိုင်တွယ်လာသည့် လီဗာပူးလ်အသင်းမှထွက်ခွာမည်ဟု ဇန်နဝါရီ ၂၆ ရက်တွင် အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။ ယင်းကတည်းက ကလော့ပ်၏ လီဗာပူးလ် နည်းပြရာထူးကို ဆက်ခံမည့်သူနှင့်ပတ်သက်ပြီး လောင်းကစားဒိုင်များတွင် ရေပန်းစားသူများကို ကြေးဖွင့်ခဲ့သလို ပရိသတ်များကလည်း ကလော့ပ်၏နေရာအား ဆက်ခံစေလိုသူကို လူမှုကွန်ရက်များတွင် ရေးသားခဲ့ကြသည်။
ယခုအခါ YouGov က လာမည့်ရာသီတွင် ကလော့ပ်၏ လီဗာပူးလ်နည်းပြရာထူးကို ဆက်ခံစေလိုသူအား လီဗာပူးလ်ပရိသတ်များ မဲပေးရွေးချယ်စေခဲ့ရာ လက်ရှိ ဂျာမန်ကလပ် လေဗာကူဆင်နည်းပြ အလွန်ဆိုက မဲ ၆၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေကြောင်း သိရှိရသည်။ အသက် ၄၂ နှစ်အရွယ်ရှိ အလွန်ဆို သည် လီဗာပူးလ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ယခုရာသီတွင် လေဗာကူဆင်အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်သည်။
လီဗာပူးလ်အသင်းပရိသတ်များသည် လေဗာကူဆင်အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားသူ အလွန်ဆိုကို ကလော့ပ်၏နေရာကို ဆက်ခံစေလိုသူအဖြစ် မဲအများဆုံးပေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် လီဗာပူးလ်ဂန္ထဝင်တစ်ဦး ဖြစ်သည့် လက်ရှိ ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းနည်းပြ စတီဗင်ဂျရတ်က ၁၈ ရာခိုင်နှုန်းဖြင့် ရှိနေသည်။ စတီဗင်ဂျရတ် နောက်တွင် ကလော့ပ်၏လက်ထောက်နည်းပြ ပတ်လင်ဒါက ရှစ်ရာခိုင်နှုန်း၊ ဘရိုက်တန်နည်းပြ ဒီဇယ်ဘီက လေးရာခိုင်နှုန်း၊ အမ်မိုရန်(စပို့တင်းလစ္စဘွန်းနည်းပြ)၊ နာဂယ်စ်မန်း (ဂျာမနီလက်ရွေးစင်အသင်းနည်းပြ)နှင့် ဖရန့် (ဘရန်ဖို့ဒ်)တို့က နှစ်ရာခိုင်နှုန်းစီဖြင့် အစဉ်လိုက်ရပ်တည်နေသည်။
ထို့ပြင် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာသွားမည်ကို အကြောက်ဆုံးကစားသမားအဖြစ် လီဗာပူးလ်အားပေးသူပရိသတ်များက တိုက်စစ်ကစားသမား ဆာလာကို မဲ ၅၅ ရာခိုင်နှုန်းဖြင့် အများဆုံးမဲပေးခဲ့ကြောင်း သိရသည်။ ဆာလာ (၃၁ နှစ်)သည် လာမည့်နွေတွင် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသူလည်း ဖြစ်သည်။ လီဗာပူးလ်ပရိသတ်များသည် အသင်းမှထွက်ခွာသွားမည်ကို အကြောက်ဆုံးကစားသမားများအဖြစ် ဆာလာနောက်တွင် ဂိုးသမား အယ်လစ်ဆန် (၂၄ ရာခိုင်နှုန်း)နှင့် ဗန်ဒိုက်(၂၁ ရာခိုင်နှုန်း)တို့ကို မဲပေးရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
ဆာလာနှင့် ဗန်ဒိုက်တို့မှာ ၂၀၂၅ တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အယ်လစ်ဆန်မှာမူ ၂၀၂၇ ထိ စာချုပ်သက်တမ်းရှိနေသည်။ လီဗာပူးလ် ပရိသတ် ၆၅ ရာခိုင်နှုန်းက ယခုရာသီတွင် ၎င်းတို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု မဲပေးခဲ့ကြပြီး ၇၃ ရာခိုင်နှုန်းက ယခုရာသီတွင် အနည်းဆုံးဖလား နှစ်လုံးရမည်ဟု မဲပေးခဲ့ကာ ခြောက်ရာခိုင်နှုန်းက လီဗာပူးလ်အနေဖြင့် ယခုရာသီတွင် ဖလားလေးလုံးစလုံး ရရှိမည်ဟု မဲပေးခဲ့ကြောင်း သိရသည်။