ရိုးမားအသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် နာမည်ကျော် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ယခုရာသီ ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲမည့်အသင်းများကို ခန့်မှန်းပြောကြားခဲ့သည်။
အသက် ၆၁ နှစ်အရွယ်ရှိ မော်ရင်ဟို သည် ဇန်နဝါရီ ၁၆ ရက်တွင် ရိုးမားအသင်း နည်းပြရာထူးမှ အံ့အားသင့်ဖွယ် ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ မော်ရင်ဟိုသည် မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်၏ FIVE YouTube Channel တွင် ပါဝင်ခဲ့ပြီး ၎င်း၏အနာဂတ်အစီအစဉ်၊ မန်ယူအသင်းတွင် ကိုင်တွယ်စဉ်က ရုန်းကန်ခဲ့ရသည့်အကြောင်းများနှင့် ရွှေရောင်မျိုးဆက်ခေတ်က အင်္ဂလန်အသင်းတွင် သူအကြိုက်ဆုံးကွင်းလယ်ကစားသမားကို ပြောကြားခဲ့သည်။ ထို့ပြင် မော်ရင်ဟိုသည် ဖာဒီနန်နှင့် တွေ့ဆုံမှုတွင် ယခုရာသီ ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲမည့် အသင်းများကိုလည်း ခန့်မှန်းပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက “ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်စီးတီး (ချန်ပီယံလိဂ် လက်ရှိချန်ပီယံ) သို့မဟုတ် ရီးယဲလ်မက်ဒရစ်အသင်း ဗိုလ်စွဲမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ နှစ်သင်းကိုကျော်ပြီး ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တခြားအသင်းတစ်သင်းသင်းက ဗိုလ်စွဲခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းအံ့သြရပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ဗိုလ်ပြန်စွဲစေချင်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအတွက်နဲ့ အန်ဆယ်လော့တီအတွက်ပေါ့။ ဘိုင်ယန်မြူးနစ်နဲ့ PSG တို့ ကလည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်တဲ့ အခြေအနေရှိပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဆိုရင်တော့ ချန်ပီယံဆုကို မန်စီးတီးနဲ့ လီဗာပူးလ်တို့ထဲက တစ်သင်းသင်းရမယ်ထင်ပါတယ်။ ချန်ပီယံလိဂ်မှာတော့ မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ်တို့ထဲက တစ်သင်းသင်း ဗိုလ်စွဲမှာပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် မော်ရင်ဟိုက သူ၏နည်းပြဘဝ သက်တမ်းတစ်လျှောက်တွင် ရိုးမားအသင်း နည်းပြရာထူးမှထုတ်ပယ်ခံရခြင်းမှာ နာကျင်ရဆုံးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းက “ရိုးမားအသင်းအတွက် ကျွန်တော့် နှလုံးသားအပါအဝင် အရာအားလုံးကို ပေး ဆပ်ခဲ့တာပါ။ ကျွန်တော်ဟာ ရိုးမာအသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ အခွင့်အရေးတွေကိုပါ ငြင်းပယ်ခဲ့တာပါ။ ရိုးမားအတွက် ပေါ်တူဂီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့သလို ဆော်ဒီက ငွေကြေးများစွာနဲ့ ကမ်းလှမ်းမှုကိုလည်း ကျွန်တော် ငြင်း ပယ်ခဲ့ပါတယ်။ ရိုးမားကို နှစ်နှစ်ဆက်တိုက် ဥရောပဗိုလ်လုပွဲ ပို့ဆောင်နိုင်ခဲ့တယ်။ ဒီရာသီမှာ သုံးနှစ်ဆက် ပို့ဆောင်ပေးဖို့ ကျွန်တော် တွေးထားခဲ့တာပါ။ ဒါပေမဲ့ အသင်းပိုင်ရှင်တွေက အရာရာပါပဲ။ အရင်တုန်းကလည်း အထုတ်ခံခဲ့ရဖူးပေမဲ့ ဒီတစ်ခါတော့ နာကျင်ရဆုံးပါပဲ”ဟု ပြောကြားခဲ့သည်။