ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီကုန်တွင် PSG အသင်းမှ ထွက်ခွာမည့် အမ်ဘာပေကို အသင်းသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း စပိန်သတင်းစာ AS က ဖော်ပြခဲ့သည်။
အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေက ယခုရာသီကုန်တွင် ထွက်ခွာတော့မည်ဟု PSG အသင်းအား အသိပေးပြောကြားထားပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းများထွက်ပေါ်လာခဲ့သည်။ အမ်ဘာပေနှင့် PSG အသင်း၏ စာချုပ်မှာ ၂၀၂၄ ခုနှစ် ဇွန်လတွင်ကုန်ဆုံးမည်ဖြစ်ရာ ၎င်းအားခေါ်ယူ မည့်အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရမည်ဖြစ်သည်။
အမ်ဘာပေမှာ ရီးယဲလ်အသင်း ကာလရှည်ပစ်မှတ်ထားနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းအတွက် ကစားခွင့်ရလိုကြောင်း ငယ်စဉ်ကတည်းက ပြောကြားထားဖူးသည်။ ရီးယဲလ်အသင်းအနေဖြင့် အပြောင်းအရွှေ့အသုံးစရိတ် ကန့်သတ်ချက်အရ အမ်ဘာပေကို တစ်နှစ်လစာ ယူရိုသန်း ၅၀ ဖြင့် ကမ်းလှမ်း၍ ၂၀၃၀ ပြည့်နှစ်အထိ ကာလရှည်စာချုပ် ချုပ်ဆိုရန် စီစဉ်ထားသည်။
ရီးယဲလ်အသင်းကမ်းလှမ်းမည့် ယူရိုသန်း ၅၀ မှာ PSG အသင်း၌ ယခု ရရှိနေသည့် ယူရို ၇၂ သန်းထက် လျော့နည်းသော်လည်း ပုံရိပ်အသုံးပြု ခွင့်၊ Ballon d’Or ၊ ရွှေဖိနပ်ဆုစသည့် တစ်ဦးချင်းစွမ်းဆောင်ရည်နှင့် ထူးချွန်ဆုများအပေါ်မူတည်၍ အပိုဆုကြေးအမျိုးမျိုးဖြင့် ထပ်မံကမ်းလှမ်းမည်ဖြစ်သည်။ ထို့ပြင် ၂၀၃၀ အထိ ကာလရှည်ချုပ်ဆိုမည့် စာချုပ်သက်တမ်းအရ အမ်ဘာပေ၏စာချုပ်မှာ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း AS သတင်းစာက ဖော်ပြသည်။
အမ်ဘာပေသည် PSG အသင်းနှင့် ပထမအကြိမ်စာချုပ်ကုန်ဆုံး သည့် ၂၀၂၂ ခုနှစ် နွေရာသီကတည်းက ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့သော်လည်း ဆုံးဖြတ်ချက်ပြင်ဆင်၍ စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နွေရာသီတွင် စာချုပ်သစ်ထပ်မံချုပ်ဆိုမည်မဟုတ်ကြောင်း အသိပေးခဲ့သောကြောင့် ရာသီကြိုခြေစမ်းခရီးစဉ်နှင့် လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံခဲ့ရပြီး ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီနှင့် ညှိနှိုင်းပြီးမှသာ ပြန်လည်ကစားခွင့်ရရှိခဲ့သည်။
အမ်ဘာပေသည် PSG အသင်းအတွက် ၂၀၁၇-၂၀၁၈ မှ ယခု ရာသီအထိ ခုနစ်ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ ၂၉၀ ကစား၊ ၂၄၃ ဂိုးသွင်းယူပေးထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားကြောင်း သိရသည်။