မန်ယူအသင်းနှင့် အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက လက်ဝှေ့ပွဲထိုးသတ်ရန် ကမ်းလှမ်းမှုရှိသော်လည်း နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန်သာ အာရုံစိုက်ထားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
၀ိန်းရွန်နီ (၃၈ နှစ်) သည် ဇန်နဝါရီလအတွင်း ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည်။ ၎င်းအား လက်ဝှေ့ပွဲထိုးသတ်ရန် Misffits Boxing ပရိုမိုးရှင်းကုမ္ပဏီက ဆက်သွယ်ကမ်းလှမ်း၍ ဆွေး နွေးလျက်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။
Misffits Boxing ပရိုမိုးရှင်းကုမ္ပဏီမှာ YouTuber အဖြစ်မှ ပရော်ဖက်ရှင် နယ်လက်ဝှေ့သမားအဖြစ် ပြောင်းလဲထိုးသတ်နေသည့် KSI က တည်ထောင်ထားခြင်း ဖြစ်ပြီး YouTuber ၊ NFL ကစားသမား၊ စီးပွားရေးလုပ်ငန်းရှင်၊ ရက်ပ်ပါ၊ Social Media Influencerများ၏ လက်ဝှေ့ပွဲများကို စီစဉ်ကျင်းပလျက်ရှိသည်။
လက်ဝှေ့ထိုးသတ်မည့်အစီအစဉ်နှင့် ပတ်သက်၍ ဂယ်ရီနဗီးလ်၊ ရွိုင်ကင်း၊ ကာရေဂါတို့နှင့်ပြုလုပ်သည့် Podcast တွင် ၀ိန်းရွန်နီက “အဲဒီလိုဖြစ်မလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ သူတို့ဘက်က ဆက်သွယ်မေးမြန်းတာတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က လက်ဝှေ့ထိုးချင်တာ မဟုတ်ပါဘူး။ စီမံခန့်ခွဲမှု နယ်ပယ်ထဲပြန်ဝင်ဖို့ အာရုံစိုက်ထားချင်ပါတယ်။ ကမ်းလှမ်းမှုတချို့တော့ ရှိပါတယ်။ Misffits နဲ့ ဆွေးနွေးတဲ့ သတင်းတွေအားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ကျွန်တော်က စီမံခန့်ခွဲမှုနယ်ပယ်ထဲ ပြန်ဝင်ဖို့ပဲ အာရုံစိုက်ထားတယ်ဆိုတာ သိစေချင်ပါတယ်။ အဲဒါကိုပဲ ကျွန်တော်အာရုံစိုက်နေတယ်” ဟု ပြောကြားခဲ့သည်။