မက္ကဆီကိုလက်ဝှေ့ အကျော်အမော် ကာနီလိုအယ်လ်ဗာရက်ဇ်သည် မေလ(၄)ရက်၌ ထိုးသတ်မည့် စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲတွင် ပြိုင်ဘက်အဖြစ် အမေရိကန်လက်ဝှေ့သမားနှင့်သာ ရင်ဆိုင်ထိုးသတ်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကာနီလိုသည် WBA (Super) ၊ WBC ၊ IBF နှင့် WBO စူပါမစ်ဒယ်ဝိတ်တန်း အငြင်းပွားဖွယ်မရှိ လက်ရှိ ချန်ပီယံဖြစ်ပြီး မေလ (၄)ရက်တွင် ချန်ပီယံကာကွယ်ပွဲထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ကာနီလို ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်စာရင်းတွင် ဂျာမောလ်ချာလို၊ တဲရန့်ခရောဖို့ဒ်၊ ဒေးဗစ်ဘယ်နာဗီဒက်ဇ်နှင့် ဟာမီမွန်ဂီယာစသည့် လက်ဝှေ့ သမားများထဲမှ တစ်ဦးဖြစ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းလက်ဝှေ့သမားများထဲမှ ဂျာမောလ်ချာလိုနှင့် မွန်ဂီယာတို့က အနီးစပ်ဆုံးဖြစ်ခဲ့ပြီး ယခု ကာနီလို၏ပြောဆိုချက်အရ မက္ကဆီကိုလက်ဝှေ့သမား မွန်ဂီယာမှာ ဖြစ်နိုင်ခြေနည်းပါးသွားခဲ့ကာ ဂျာမောလ်ချာလိုနှင့်သာ ထိုးသတ်ရန် ရာခိုင်နှုန်းပိုများလာခဲ့သည်။
ကာနီလို သည် Box Azteca နှင့်တွေ့ဆုံမှုတွင် တစ်နိုင်ငံတည်းသား မက္ကဆီကိုလက်ဝှေ့သမားများနှင့် ထိုးသတ်မည်မဟုတ်ကြောင်း ဖွင့်ဟခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသားနှင့်သာ ထိုးသတ်ဖွယ်ရှိသည်ဟု ယူဆခဲ့သည်။ ကာနီလို သည် ၂၀၂၃ စက်တင်ဘာလက ဂျာမောလ်ချာလို၏အမြွာညီအစ်ကို ဂျာမဲလ်ချာလိုနှင့် နောက်ဆုံးထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။