မြောက်ကိုရီးယားသည် ထိပ်တိုက်ရင် ဆိုင်တွေ့သည့် လုပ်ရပ်များလုပ်ဆောင်ခဲ့ပြီး အမေရိကန်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ငြင်းဆိုခဲ့သည့်တိုက် ချက်ချင်းစစ်ပွဲဆင်နွှဲမည့် လက္ခဏာများကို အမေရိကန်က မတွေ့ ရသေးကြောင်း အမေရိကန်ထိပ်သီးမူဝါဒ ချမှတ်သူတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သည် စွန့်စားလုပ်ဆောင်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် အခြိမ်းအခြောက်အဟန့်အတားကို မြှင့်တင်သွားရန် လုပ်ဆောင်သွားမည်ဖြစ်သော်လည်း မကြာသေးမီက သိသာထင်ရှားသည့် အပြောင်းအလဲမျိုးမတွေ့ခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြောက်ကိုရီးယားအရေး ကိုင်တွယ်ရသည့် ထိပ်သီးအရာရှိတစ်ဦးဖြစ်သူ ဂျွန်ပါ့ခ်က ပြောကြားခဲ့သည်။
“အခြေခံအားဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲခဲ့တယ်လို့ ကျွန်မ မထင်ပါဘူး။ အခုအချိန်မှာ စစ်ပွဲဖြစ်ကာနီး ဒါမှမဟုတ် တိုက်ခိုက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်မယ့် အခြေအနေတွေကိုလည်း မတွေ့ရပါဘူး”ဟု ဂျွန်က ပြောကြားခဲ့သည်။
“အခုချိန်က စစ်ဖြစ်ရမယ့်အချိန်မဟုတ်ဘူးလို့ ကင်က ဆုံးဖြတ်ထားပြီး ဆွေးနွေးမှုတွေနဲ့ သံတမန်ဆက်ဆံရေးတွေ ပြုလုပ်ဖို့ဆန္ဒရှိနေတယ်ဆိုတာ ရှင်းနေပါတယ်။ သူတို့ဟာ အမေရိကန်နဲ့ မဆွေးနွေးဘူးဆိုရင်တောင်မှ ရုရှားနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတာ ထင်ရှားနေပါတယ်”ဟု ဂျွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူဖြစ်ကြောင်းကြေညာခဲ့ပြီး၊ နှစ်နိုင်ငံပြန်လည် ပေါင်းစည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင်စီများကို ပိတ်သိမ်းကာ ၎င်း၏နယ်နိမိတ်ကို ၀ ဒသမ ၀၀၁ မီလီမီတာမျှပင် ထိပါးခံရမည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် မကြာသေးမီက ရေအောက်နျူကလီးယား လက်နက်စနစ်တစ်ခု၊ လောင်စာတောင့်သုံး ဟိုက်ပါဆိုးနစ် ဒုံးကျည်တစ်စင်းနှင့် ခရုဇ်ဒုံးကျည်များအပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင်ခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း မြောက်ကိုရီးယားသည် အတွဲလိုက်ဒုံးပစ် လောင်ချာအတွက် ထိန်းချုပ်ရေးစနစ်သစ်တစ်ခုကို စမ်းသပ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ထိုစနစ်သည် စစ်မြေပြင်တွင် ပိုမိုကြီးမား သည့် အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကင်၏ လုပ်ဆောင်ချက်များသည် အမေရိကန်နှင့် ထိတွေ့ဆက်ဆံမှုများ မအောင်မြင်ခဲ့ဘဲ စစ်ရေးအရ ဖြေရှင်းရန်ကြိုးပမ်းရမည်ဆိုသည့် ၎င်း၏ သဘောထားကို ပြသနေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားအရေး လေ့လာစောင့်ကြည့်နေသည့် 39 ဝက်ဘ်ဆိုက်တွင် ကျွမ်းကျင်သူများဖြစ်သည့် ဆစ်ဖရိုင်းဟက်ကလာနှင့် ရောဘတ် ကာလင်းက ပြောကြားခဲ့သည်။
ကင်သည် လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မတိုင်မီက ယခင်သမ္မတ ဒေါ်နယ်ထရန့်နှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး တင်းမာမှုများကို လျှော့ချနိုင်ခဲ့သော်လည်း ရေရှည်တည်တံ့သည့် သဘောတူညီချက်မရရှိခဲ့ပေ။