ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းသည် ပြောင်းရွှေ့ကြေးတန်ဖိုးအရ ၂၀၂၃ ခုနှစ်အတွင်း တန်ဖိုးအကြီးဆုံးလူစာရင်းကို ပိုင်ဆိုင်ခဲ့ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ဖော်ပြခဲ့သည်။
UEFA ၏ အဆိုပါတွက်ချက်မှုတွင် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သည့် ကစားသမားများကို ထည့်သွင်းတွက်ချက်ခြင်း မရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် ဟွိုင်လန်း၊ မေဆန်မောင့်၊ အိုနာနာတို့ ပါဝင်ခြင်းမရှိသော်လည်း မန်ယူအသင်း၏ လူစာရင်းတန်ဖိုးမှာ ပေါင်(၁.၂၁)ဘီလီယံရှိခဲ့ပြီး ဘောလုံးလောက၏ တန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်း၏နောက်တွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ပေါင်(၁.၁)ဘီလီယံဖြင့် ရပ်တည်နိုင်ခဲ့ပြီး တတိယနေရာတွင် ချယ်လ်ဆီးအသင်းက ပေါင် (၉၂၇)သန်းဖြင့် ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် ထိပ်ဆုံးနေရာကို ပရီးမီးယားလိဂ်ကလပ်များက ရယူနိုင်ခဲ့သလို ထိပ်ဆုံး(၁၀)သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် (၆)သင်းအထိ ပါဝင်ခဲ့သည်။
လာလီဂါထိပ်သီး ရီးယဲလ်အသင်းက စတုတ္ထနေရာရရှိခဲ့သော်လည်း ဘာစီလိုနာအသင်းမှာ မူ အဆင့် (၁၁)နေရာသို့ ရောက်ရှိခဲ့ သည်။
၂၀၂၃ နှစ်ကုန် ဘဏ္ဍာရေးရှင်းတမ်းအရ ပရီးမီးယားလိဂ်အသင်း (၂၀)၏ ဝင်ငွေစုစုပေါင်းမှာ ပေါင် (၅.၇)ဘီလီယံရှိခဲ့သည့်အတွက် လာလီဂါနှင့် ဘွန်ဒစ်လီဂါ နှစ်ခုပေါင်းဝင် ငွေထက်ပင် ပိုမိုများပြားကြောင်းလည်း UEFA က ဖော်ပြခဲ့သည်။
ဥရောပဘောလုံးလောက၏ ဝင်ငွေအကောင်းဆုံး ကလပ်အသင်း (၂၀)စာရင်းတွင် ပရီးမီးယားလိဂ်ကလပ် (၉) သင်းအထိ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။