လာလီဂါထိပ်တန်းကလပ်အသင်းကြီး တစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ပြင်သစ်ကလပ် PSG အသင်း၏ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေအား ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်သော်လည်း ဘာပေ၏ မိခင်ဖြစ်သူနှင့် ညှိနှိုင်းမှုအဆင်မပြေ ဖြစ်နေသဖြင့် အခက်တွေ့လျက်ရှိသည်ဟုု သိရှိရသည်။
ဘာပေသည် PSG အသင်းနှင့် ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ အခြားကလပ်အသင်းများနှင့် တရားဝင်ဆွေးနွေးခွင့်ရရှိနေပြီဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ရန် တစ်ပတ်အတွင်း ကြေညာနိုင်လိမ့်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
ဘာပေကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားလိုနေသလို မိခင်ဖြစ်သူကလည်း သားဖြစ်သူ၏ သဘောထားကိုလိုက်လျောလိုနေသည်။ သို့ရာတွင် ဘာပေအတွက် ရီးယဲလ်မက်ဒရစ်အသင်းနှင့် သဘောတူညီမှုရယူရန် ကြိုးစားရာတွင်မူ လက်ခံရန်ခက်ခဲသည့် အခြေအနေများ ပါရှိနေပြီး ရီးယဲလ်မက်ဒရစ်အသင်း၏ ကနဦးကမ်းလှမ်းမှုအားလုံးကို ဘာပေ၏ မိခင်က ငြင်းဆန်ထားသည်။ ယင်းအတွက်ကြောင့် သဘောတူညီမှု ရရှိကြောင်း ကြေညာချက်ထုတ်ပြန်ရန်မှာ အချိန်ကြာမြင့်ဖွယ်ရှိနေကြောင်း သိရသည်။
ယင်းအတွက် PSG အသင်းသည် အသင်းနှင့်လမ်းခွဲရန်နီးစပ်နေသည့် ဘာပေကို တန်ဖိုးကြီးမားသည့် (၂)နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းထားကြောင်း သိရသည်။ PSG အသင်းသည် ဘာပေကို (၂)နှစ်သက်တမ်းစာချုပ်အတွက် ပေါင်(၁၃၆)သန်းအထိ ပေးချေသွားရန် ကမ်းလှမ်းထားကြောင်းလည်း စပိန်သတင်းစာ AS က ဖော်ပြခဲ့သည်။