ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုသည် ခရစ္စတယ်ပဲလေ့စ်အသင်းအား အဝေးကွင်း၌ (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် သူ၏အနာဂတ်နှင့်ပတ်သက်သည့် ကောလာဟလသတင်းများအပေါ် ဂရုစိုက်နေမည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယင်းပွဲတွင် ပဲလေ့စ်အသင်းမှ လယ်မာ(၃၀ မိနစ်)၏သွင်းဂိုးကြောင့် နောက်မှလိုက်ကစားခဲ့ရသော်လည်း ၄၇ မိနစ်တွင် ဂယ်လာဂါက ချေပဂိုး သွင်းယူပြီး (၉၀+၁)မိနစ်တွင် ဂယ်လာဂါက ဒုတိယဂိုး၊ (၉၀+၄)မိနစ်တွင် အန်ဇိုဖာနန် ဒက်ဇ်က တတိယဂိုး သွင်းယူခဲ့သဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် လီဗာပူးလ်၊ ဝုလ်ဗ်အသင်းအား ပရီးမီးယားလိဂ်နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ရာမှ နိုင်ပွဲပြန်ရခဲ့ပြီး ပြိုင်ပွဲစုံတွင် နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ “ကောလာဟလတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ ဖိအားတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ သောကဖိစီးမှုတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ အမှန်တရားကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ကိုယ့်အလုပ် ကိုယ်ပဲ ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
ထို့ပြင် ပိုချက်တီနိုသည် ပဲလေ့စ်နှင့်ပွဲတွင် အသင်းအတွက် အရေးပါသောဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သည့် ဂယ်လာဂါကိုလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။ “သူဟာ အသင်းအတွက် လုံးဝစိတ်နှစ်မြှုပ်ထားတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။ အနေအထားတိုင်းမှာ သူဟာ အစားထိုးနိုင်ဖို့ အမြဲတမ်းကြိုးစားနေပါတယ်။ တိုက်စစ်၊ ခံစစ် နှစ်ခုစလုံးမှာပေါ့။ သူ့လိုကစားသမားတစ်ယောက် ရှိတာဟာ တန်ဖိုးဖြတ်လို့မရပါဘူး”ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။ ဂယ်လာဂါကလည်း နည်းပြအတွက် နေရာစုံကစားပေးမည်ဟု ဖွင့်ဟခဲ့သည်။