ရီးယဲလ်အသင်း၏နည်းပြ အန်ဆယ်လော့တီက ချန်ပီယံလိဂ်ပြိုင်ပွဲသည် ရီးယဲလ်အသင်းအတွက် သမိုင်းကြောင်းအရ အရေးအကြီးဆုံးပြိုင်ပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်၌ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းနှင့် ဆုံတွေ့နေပြီး အင်္ဂါနေ့(ယနေ့)တွင် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းပွဲအတွက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အန်ဆယ်လော့တီက ”ဒီပြိုင်ပွဲအတွက် စိတ်အားထက်သန်မှုကတော့ အမြဲတမ်းမြင့်တက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းကြောင်းအရ ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲက အရေးအကြီးဆုံးပြိုင်ပွဲ ဖြစ်နေတာကြောင့်ပါပဲ။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် အမြဲတမ်းပစ်မှတ်ထားယှဉ်ပြိုင်နေတာပါ”ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆုဖလားကို (၁၄)ကြိမ်အထိ ရရှိထားသည်။
အဆိုပါအရေအတွက်မှာ ဒုတိယအအောင်မြင်ဆုံးဖြစ်သည့် အေစီမီလန်အသင်း(၇ ကြိမ်)ထက် နှစ်ဆအထိ အသာရနေသော ပမာဏလည်းဖြစ်သည်။
ရီးယဲလ်အသင်းသည် ယခုရာသီ၌ ချန်ပီယံဆုအတွက် ရေပန်းစားမှုတွင် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်တို့၏နောက် တတိယနေရာသို့ ရောက်ရှိနေသော်လည်း အကောင်းဆုံးစွမ်းဆောင်ပြရန် အသင့်ရှိနေသည်ဟုလည်း အန်ဆယ်လော့တီက ဆိုခဲ့သည်။
”ဒီပြိုင်ပွဲက ကျွန်တော်တို့ အရမ်းသဘောကျတဲ့ပြိုင်ပွဲဖြစ်ပြီး အမြဲတမ်းလည်း စိတ်လှုပ်ရှားပါတယ်။ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ အရမ်းကောင်းမွန်နေတယ်ဆိုတာ ပြသသွားဖို့ အသင့်ဖြစ်နေပါတယ်”ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
ရီးယဲလ်အသင်း၏ကွင်းလယ်ကစားသမား တိုနီကရို့စ်ကလည်း ”ရှုံးထွက်အဆင့်တွေ က အမြဲတမ်းခက်ခဲတတ်ပါတယ်။ ပြိုင်ဘက်ကောင်းတွေ စောင့်ကြိုနေမှာကိုလည်း သိထားပါတယ်။ ကျွန်တော်တို့ ဒီအဆင့်မှာ ရှုံးနိမ့်မှုတွေလည်း ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ကြီးမားတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာကိုလည်း မျှော်လင့်ထားရပါမယ်”ဟု ပြောကြားခဲ့သည်။