မာရသွန်ကမ္ဘာ့စံချိန်ရှင် ကင်ညာတာဝေးအပြေးသမား ကယ်လ်ဗင်ကစ်တမ်သည် ယာဉ်မတော်တဆမှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်သာရှိသေးသူ ကစ်တမ်သည် ဖေဖော်ဝါရီ ၁၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် ကင်ညာနိုင်ငံအနောက်ပိုင်းတွင် ယာဉ်မတော်မတဖြစ်ပွားစဉ် အခင်းဖြစ်နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
ဒေသခံရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုအရ ကစ်တမ်သည် Toyota Premio အမျိုးအစား ယာဉ်ကို ကိုယ်တိုင်မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်တွင် ၎င်း၏နည်းပြဖြစ်သူ ရဝမ်ဒါနိုင်ငံသား ဟာကီဇီမာနာလည်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခရီးသည်နေရာတွင်လိုက်ပါလာသည့် အမျိုးသမီးမှာမူ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ကစ်တမ်သည် ပထမဆုံးယှဉ်ပြိုင်သည့် ၂၀၂၂ ဗလင်စီယာမာရသွန်ပြိုင်ပွဲတွင် နှစ်နာရီ၊ နှစ်မိနစ်ဖြင့် အဖွင့်လှခဲ့ပြီး ၂၀၂၃ လန်ဒန်မာရသွန်ပြိုင်ပွဲတွင် နှစ်နာရီ၊ တစ်မိနစ်၊ ၂၅ စက္ကန့်ဖြင့် သမိုင်းတစ်လျှောက် ဒုတိယအမြန်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ နောက် ၂၀၂၃ ရှီကာဂိုမာရသွန်ပြိုင်ပွဲတွင် နှစ်နာရီ၊ ၃၅ စက္ကန့်ဖြင့် မာရသွန်ကမ္ဘာ့စံချိန်သစ် ရေးထိုးနိုင်ခဲ့သည်။
၎င်းအနေဖြင့် ၂၀၂၂ ဘာလင်မာရသွန်ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းသား ကစ်ချော့ချ်တင်ရှိထားသည့် နှစ်နာရီ၊ တစ်မိနစ်၊ ၀၉ စက္ကန့်စံချိန်ထက် ၃၄ စက္ကန့် အသာဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ကစ်တမ်ကွယ်လွန်ခြင်းအတွက် ကင်ညာအားကစားဝန်ကြီး နမ်ဝမ်ဘာက ”ရင်နာစရာကောင်းလိုက်တာ။ ကင်ညာအတွက် ထူးခြားတဲ့ရတနာ ဆုံးရှုံးခဲ့ရတာပါ။ ပြောရမယ့်စကားတောင် မရှိပါဘူး” ဟု လူမှုမီဒီယာ X တွင် ဝမ်းနည်းကြောင်း ရေးသားခဲ့သည်။
ကင်ညာအတိုက်အခံခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း အိုဒင်ဂါကလည်း နိုင်ငံအတွက် သူရဲကောင်းအစစ်တစ်ဦး ဆုံးရှုံးရခြင်းဖြစ်ကြောင်းနှင့် ကင်ညာအားကစားစံပြပုဂ္ဂိုလ်အတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
ကစ်တမ်သည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ကစ်ချော့ချ်နှင့်အတူ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။