တရုတ်အာဏာပိုင်များသည် အင်တာမိုင်ယာမီအသင်း၏ ဟောင်ကောင်ခြေစမ်းပွဲ၌ မက်ဆီ ပါဝင်မကစားခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် မတ်လအတွင်း တရုတ်နိုင်ငံတွင်ကစားမည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲနှစ်ပွဲစလုံးကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားအသင်းသည် မတ် (၁၈) ရက်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ နိုင်ဂျီးရီးယားအသင်း၊ မတ် (၂၆)ရက်တွင် ပေကျင်းမြို့၌ အိုင်ဗရီကို့စ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားရန် စီစဉ်ထားသော်လည်း နှစ်ပွဲစလုံး ဖျက်သိမ်းခံရခြင်းဖြစ်သည်။
ဟန်ကျိုးအားကစားဗျူရိုက အာဂျင်တီးနား-နိုင်ဂျီးရီးယားခြေစမ်းပွဲကို ကျင်းပမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ (၉) ရက်တွင် ကြေညာခဲ့ပြီးနောက် ပေကျင်းဘောလုံးအဖွဲ့ချုပ်ကလည်း မက်ဆီ ပါဝင်မည့်ပွဲစဉ်ကို ကျင်းပမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ (၁၀) ရက်တွင် ထုတ်ပြန်ခဲ့သည်။
”အခုအချိန်မှာ ပေကျင်းအနေနဲ့ လီယွန်နယ်မက်ဆီ ပါဝင်မယ့်ပွဲစဉ်ကို ကျင်းပဖို့ အစီအစဉ်မရှိပါဘူး” ဟု ပေကျင်းဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟန်ကျိုးအားကစားဗျူရိုလည်း ”အဲဒီအကြောင်းအရင်းကို အားလုံးသိထားပြီးသားပါ။ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အရ ဒီအခြေအနေက ပွဲကျင်းပဖို့ ကိုက်ညီမှု မရှိပါဘူး” ဟု ထုတ်ပြန်ခဲ့သည်။
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီသည် ရာသီကြိုခြေစမ်းပွဲ (၆)ပွဲအနက် (၅)ပွဲတွင် ပွဲထွက်ကစားသမား သို့မဟုတ် လူစားဝင်အဖြစ် ပါဝင်ကစားခဲ့သော်လည်း ဖေဖော်ဝါရီ (၄) ရက်က ဟောင်ကောင်လိဂ် XI အသင်းနှင့်ပွဲတွင်မူ ပါဝင်ကစားခြင်းမရှိဘဲ ယင်းတစ်ပွဲတည်းသာ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် အရန်စာရင်းတွင် ပါဝင်သော်လည်း တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်ကစားခြင်းမရှိရာ ပရိသတ်များက ပွဲကစားနေစဉ် ”မက်ဆီ ဘယ်မှာလဲ”၊ ”ပြန်အမ်းပေး၊ ပြန်အမ်းပေး” ဟု အော်ဟစ်တောင်းဆိုခဲ့သလို ပွဲအပြီးတွင် အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်က ကျေးဇူးတင်စကားပြောကြားစဉ်မှာလည်း ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြသည်။
မက်ဆီသည် ယင်းပွဲပြီးနောက် (၃)ရက်အကြာ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းနှင့် ခြေစမ်းပွဲတွင် မိနစ် (၆၀) ၌ လူစားဝင်အဖြစ် ဝင်ရောက်ကစားခဲ့သောကြောင့် ဟောင်ကောင်အစိုးရနှင့် ပရိသတ်များက ပိုမိုဒေါသပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တရုတ်အစိုးရပိုင် Global Times သတင်းစာက ယင်းပွဲတွင် မက်ဆီမပါဝင်သည့် ဆုံးဖြတ်ချက်မှာ အမေရိကန်အစိုးရ၏ ကြားဝင်လုပ်ဆောင်မှုဖြစ်ကြောင်း၊ ယခုအဖြစ်အပျက်၏ အကျိုးသက်ရောက်မှုမှာ အားကစားနယ်ပယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။
အင်တာမိုင်ယာမီအသင်း၏ ဟောင်ကောင်ခြေစမ်းပွဲကို စီစဉ်ကျင်းပသည့် Tatler Asia ကုမ္ပဏီက လက်မှတ်တန်ဖိုး၏ ရာခိုင်နှုန်း (၅၀) ပြန်အမ်းပေးမည်ဟု ကြေညာထားသည်။