စပိန်လာလီဂါပွဲစဉ် (၂၄) ရီးယဲလ်မက်ဒရစ် (၄-၀) ဂျီရိုနာပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းပေးယူခဲ့သည့် အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်သည် ရီးယဲလ်ကစားသမားဘဝ သွင်းဂိုးစံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
အသက် (၂၀)နှစ်အရွယ်ရှိ ၂၀၂၃ Golden Boy ဆုရှင်ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကမှ ရီးယဲလ်အသင်းထံ ယူရိုသန်း (၁၁၀)ဖြင့်ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပထမဆုံးရာသီတွင်ပင် အကောင်းဆုံးခြေစွမ်းပြကာ စံချိန်တင်သွင်းဂိုးများသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျီရိုနာနှင့်ပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် သွင်းဂိုး (၂) ဂိုးသွင်းယူပေခဲ့ပြီးနောက် ဘယ်လင်ဟမ်အနေဖြင့် ယခုရာသီပြိုင်ပွဲစုံသွင်းဂိုး (၂၀)ပြည့်မြောက်ခဲ့ပြီး ယင်းမှာ မည်သည့်လာလီဂါကစားသမားထက်မဆို ပိုမိုသာလွန်သည့် ပမာဏဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဘယ်လင်ဟမ်သည် ဂျီရိုနာနှင့်ပွဲစဉ်အပြီးတွင် ယခုရာသီလာလီဂါသွင်းဂိုး (၁၆) ဂိုးပြည့်မြောက်ခဲ့ပြီး လာလီဂါသမိုင်း၏ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။
ဘယ်လင်ဟမ်အနေဖြင့် ၂၀၀၁ ခု နှစ်မှ စတင်ရေတွက်ပါက ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း လာလီဂါသွင်းဂိုးအများဆုံး သွင်းယူနိုင်သည့် ကွင်းလယ်လူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အင်္ဂလန်ကစားသမားများထဲတွင်ပထမဆုံးစွမ်းဆောင်နိုင်ခြင်းလည်းဖြစ်ခဲ့သည်။
ဘယ်လင်ဟမ်မတိုင်မီ ရီးယဲလ်အသင်းအတွက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကွင်းလယ်လူအဖြစ် မှတ်တမ်းဝင်ထားသူမှာ ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ဖြစ်ပြီး ၂၀၁၄-၁၅ ရာသီက (၁၃)ဂိုးသွင်းယူကာ စံချိန်တင်ထားနိုင်ခြင်းဖြစ်သည်။
ယခုအခါ ဘယ်လင်ဟမ်အနေဖြင့် လာလီဂါပွဲစဉ် (၂၁) ပွဲသာကစားပြီးချိန်တွင် ဟာမီးစ်ရိုဒရီဂွက်ဇ်၏ တစ်ရာသီအတွင်းလာလီဂါသွင်းဂိုးအရေအတွက်ကို (၃)ဂိုး အသာဖြင့်ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
လာမည့် ၂၀၂၄ ခုနှစ်အတွက် Ballon d’Or ဆုရှင်အဖြစ် ရေပန်းစားနေသည့် ဘယ်လင်ဟမ်သည် ယခုရာသီ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၉)ပွဲသာ ကစားထားသော်လည်း ဂိုးပါဝင်ပတ်သက်မှု (၂၅)ကြိမ် (၂၀ ဂိုးသွင်း၊ ၅ ဂိုးဖန်တီး) အထိရှိခဲ့ပြီး စီရော်နယ်လ်ဒို (၂၀၀၉-၁၀ ရာသီ) နောက်ပိုင်း ရာသီအဖွင့်အလှဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်းသိရသည်။
ဘယ်လင်ဟမ်၏ ယခုရာသီအံ့မခန်းစွမ်းဆောင်ရည်များနှင့်ပတ်သက်ပြီး ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ”သူ့ (ဘယ်လင်ဟမ်)အနေနဲ့ ဒီထက်ပိုပြီးများစွာတိုးတက်လာဦးမှာပါ။ သူဟာ ရင့်ကျက်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး၊ အသင်းရဲ့အကောင်းဆုံးသော ခေါ်ယူမှုတစ်ခုလည်းဖြစ်စေခဲ့ပါတယ်” ဟု ဂျီရိုနာနှင့်ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ထို့ပြင် ဘယ်လင်ဟမ်သည် ယခုရာသီတွင် ရီးယဲလ်အသင်းနှင့်အတူ လာလီဂါနှင့် ချန်ပီယံလိဂ်ဆုဖလားများရယူနိုင်ရန်လည်း ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။