ဘောလုံးပွဲစဉ်များတွင် အပြာကတ်စမ်းသပ်အသုံးပြုမည့်စနစ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ အလက်ဇန္ဒားဆယ်ဖာရင်က လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
ဘောလုံးကစားနည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ (IFAB) အနေဖြင့် လာမည့်ရာသီတွင် အပြာကတ်စနစ်စမ်းသပ် အသုံးပြုမည့်အစီအစဉ်ကို ဗြိတိန်အခြေစိုက် The Telegraph သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
အနီကတ်ပြသရန် မထိုက်တန်သည့် ပြစ်ဒဏ်ကျူးလွန်မှု၊ တိုက်စစ်ကစားခြင်းကို ရပ်တန့်ရန်ရည်ရွယ်သည့် ပြစ်ဒဏ်ကျူးလွန်မှု၊ ဒိုင်လူကြီးများအပေါ် စောဒကတက်မှု စသည့် ဖြစ်ရပ်များတွင် အပြာကတ်ပြသမည်ဖြစ်ပြီး အဆိုပါကစားသမားမှာ ကွင်းအတွင်းမှ ၁၀ မိနစ် ထုတ်ပယ်ခံရမည်ဖြစ်သည်။ အပြာကတ် နှစ်ကြိမ် ပြသခံရသည့် ကစားသမားမှာ အနီကတ်ပြထုတ်ပယ်ခံရမည်ဖြစ်ပြီး အပြာကတ် တစ်ကြိမ်၊ အဝါကတ်တစ်ကြိမ် ပြသခံရပါက ဆက်လက်ကစားခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
အပြာကတ်စနစ် စမ်းသပ်အသုံးပြုမည့် အခြေအနေနှင့်ပတ်သက်၍ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က “အဲဒါက ဘောလုံးကစားတာ မဟုတ်တော့ပါဘူး” ဟု ဝေဖန်ပြောကြားခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း အပြာကတ်စနစ်ကို ထိပ်တန်းအဆင့် ပြိုင်ပွဲများတွင် အသုံးပြုဦးမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ထိပ်တန်းအဆင့်ပြိုင်ပွဲများ၌ အပြာကတ်ဟုခေါ်ဆိုသည့်စနစ် အသုံးပြုမည့်သတင်းများမှာ မှားယွင်းကြောင်းနှင့် ယင်းစနစ်အသုံးပြုရန် အချိန်မတန်သေးကြောင်း၊ အဆိုပါစမ်းသပ်မှုကို အောက်ခြေအဆင့်ပြိုင်ပွဲများ၌သာ ကန့်သတ်ချက်ဖြင့် အကောင်အထည်ဖော်သင့်ကြောင်း၊ မတ် ၂ ရက်ကျင်းပမည့် IFAB နှစ် ပတ်လည်အထွေထွေအစည်းအဝေးတွင် FIFA အနေဖြင့် ယင်းကဲ့သို့ ဆောင်ရွက်သင့်သည့်ဘက်မှ ရပ်တည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
The Telegraph ၏ ဖော်ပြမှုအရ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) အနေဖြင့် အပြာကတ်အသုံးပြုမည့်စနစ်ကို လာမည့်ရာသီ FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲတွင် စမ်းသပ်အသုံးပြုဖွယ်ရှိကြောင်း သိရသည်။