လီဗာပူးလ်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က လီဗာပူးလ်အသင်းအနေဖြင့် နည်းပြ ကလော့ပ်ထွက်ခွာသွားပါက အသင်း၏အဓိကကစားသမားများဖြစ်သည့် ဆာလာ နှင့် အာနိုးလ်တို့ကို ဆုံးရှုံးရနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းကို ရှစ်နှစ်ကျော်ကြာ ကိုင်တွယ်ထားသည့် နည်းပြ ကလော့ပ်သည် အသင်းကိုဆက်လက်ကိုင်တွယ်ရန် အင်အားမရှိတော့သဖြင့် ယခုရာသီကုန်တွင် အသင်းနည်းပြရာထူးမှထွက်ခွာမည်ဖြစ်ကြောင်း ဇန်နဝါရီလကုန်ပိုင်းတွင် အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။
ကလော့ပ် ယင်းသို့ကြေညာပြီးနောက် ၎င်းထွက်ခွာသွားပါက လီဗာပူးလ်အသင်းအနေဖြင့် အသင်း၏ထိပ်တန်းကစားသမားများကို ဆုံးရှုံးရနိုင်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။ သို့သော် ကလော့ပ်က ယင်းသုံးသပ်မှုများကို ငြင်းဆန်ပယ်ချခဲ့ပြီး ကစားသမားများအနေဖြင့် လီဗာပူးလ်အသင်းကို ချစ်မြတ်နိုးမှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခဲ့သော်လည်း အသင်းနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကမူ နည်းပြသစ်လက်ထက်တွင် လီဗာပူးလ်အသင်း ရလဒ်မကောင်းပါက အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်ကျော်သာ ကျန်ရှိတော့သည့် ဆာလာနှင့် အာနိုးလ်ကို ဆုံးရှုံးရနိုင်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။
ဂလင်းဂျွန်ဆင်က “အသင်းနဲ့ စာချုပ်သက်တမ်းအနည်းငယ်ကျန်တော့တဲ့ သူတွေကို လီဗာပူးလ် စာချုပ်သစ်ချုပ်ထားနိုင်ဖို့လိုပါတယ်။ တကယ်လို့ နည်းပြသစ်လက်ထက်မှာ ရာသီအစကတည်းက ရလဒ်ဆိုးခဲ့မယ်ဆိုရင် ကစားသမားတွေကို အသင်းမှာဆက်ထိန်းဖို့ ခက်ခဲသွားမှာပါ။ ဆာလာနဲ့ အာနိုးလ်တို့ကို လိုချင်တဲ့အသင်းတွေ အများကြီးပါ။ သူတို့ရဲ့ စာချုပ်ကလည်း တစ်နှစ်ပဲကျန်တော့လို့ စိုးရိမ်စရာပါပဲ”ဟု ပြောကြားခဲ့သည်။