အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ၎င်း၏အနာဂတ်ကို ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားပြီးနောက် ထုတ်ဖော်ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် ၂၀၂၂-၂၃ UEFA Nations League ပြိုင်ပွဲ၏ League (A) တွင် အုပ်စုအောက်ဆုံးနေရာသာ ရပ်တည်နိုင်ခဲ့သဖြင့် လာမည့် ၂၀၂၄-၂၅ ပြိုင်ပွဲတွင် League (B) သို့ တန်းဆင်းယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆောက်ဂိတ်သည် ၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းကို ကိုင်တွယ်နေခြင်းဖြစ်ပြီး လက်ရှိစာချုပ်မှာ ယခုနှစ် ဒီဇင်ဘာတွင် ကုန်ဆုံးမည်ဖြစ်သည်။
စာချုပ်ကိစ္စမေးမြန်းမှုအပေါ် ဆောက်ဂိတ်က “နွေရာသီမှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ အဲဒါက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာ ကိုယ်တိုင်သိပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုစံနှုန်းက ဘာလဲဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီနောက်မှာ တခြားဘာကိုမှ မတွေးထားပါဘူး။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုက အင်္ဂလန်အတွက် ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ လိုအပ်ပြီး လူတိုင်းအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့လည်း လိုပါတယ်။ ပြိုင်ပွဲမတိုင်ခင် ဆုံးဖြတ်ချက်ချရမယ့် အနေအထားတော့မရှိပါဘူး။ ပြိုင်ပွဲမတိုင်ခင် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်က ဘယ်လမ်းကိုသွားသည်ဖြစ်စေ အဲဒါက စွမ်းဆောင်ရည်အပေါ် ထိခိုက်နိုင်ပါတယ်” ဟု ဖြေကြားခဲ့သည်။