ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဝုလ်ဗ်အသင်းအား ထပ်မံရှုံးနိမ့်ခြင်းအတွက် မိမိအပြင် ကစားသမားများလည်း တာဝန်ရှိကြောင်းနှင့် ရာထူးတွင်ဆက်ရှိနေရန် မသေချာတော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီ ၄ ရက်က ဝုလ်ဗ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၂-၄) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ထားပြီး FA ဖလားတွင် ဗီလာအသင်းနှင့် ဂိုးမရှိသရေ၊ ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်းကို အဝေးကွင်း၌ (၁-၄) ဂိုး၊ ဝုလ်ဗ်အသင်းကို အိမ်ကွင်း၌ (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ထားခြင်းဖြစ်သည်။
ထို့ ကြောင့် ချယ်လ်ဆီးအသင်းပရိသတ်များက ပွဲကစားနေစဉ်နှင့် ပွဲအပြီးတွင် လှောင်ပြောင်မှုများပြုလုပ်ခဲ့ကြသည်။
ယင်းအခြေအနေအပေါ် ပိုချက်တီနိုက ”ဒီနေ့ပွဲမှာ ကျွန်တော်တို့ လုံလောက်မှုမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အတူတူပါပဲ။ ဒီအခြေအနေအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ပြသခဲ့တာတွေက လုံလောက်မှုမရှိပါဘူး။ ဒီအခြေအနေကို ကျွန်တော်တို့ သေချာမစီမံနိုင်လို့ ဘယ်သူမှ မလုံခြုံတော့ပါဘူး။ ကျွန်တော်က ဒီကိုရောက်လာတာ ကိုယ်သာအကောင်းဆုံးလို့ ပြောဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော် တာဝန်ယူသလို ကစားသမားတွေလည်း တာဝန်ယူဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့က အသင်းရဲ့သမိုင်းကြောင်းနဲ့ ကိုက်ညီမှုမရှိပါဘူး။ အဲဒါအမှန်ပါပဲ။ ဝေဖန်မှုတွေကို လက်ခံနိုင်ဖို့လိုပေမဲ့ လက်လျှော့မှာတော့ မဟုတ်ပါဘူး။ ပြောင်းလဲဖို့အတွက် ကျွန်တော်တို့ ကြိုးစားရပါမယ်။ ဒီနည်းလမ်းနဲ့ အလုပ်မဖြစ်ဘူးဆိုရင် ကျော်သွားပြီးတော့ နောက်ထပ်အဖြေတစ်ခုရှာဖို့ လိုပါတယ်။ ကျွန်တော်တို့ တောင်းပန်ချင်ပါတယ်။ သူတို့လိုပဲ ကျွန်တော်တို့လည်း စိတ်ပျက်ရပေမဲ့ အတူတူတိုက်ပွဲဝင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အတူရှိနေဖို့လိုတယ်။ သူတို့ဝေဖန်တာ၊ ဒေါသထွက်တာ မှန်ပေမဲ့ ကစားသမားတွေက ငယ်ပါသေးတယ်။ ငယ်ရွယ်တဲ့အသင်းက အားပေးထောက်ပံ့မှုလိုပါတယ်” ဟု ပြောကြားခဲ့သည်။