ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်၏ ဒူးဒဏ်ရာမှာ ပြင်းထန်နိုင်ကြောင်း မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က သုံးသပ်ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် မန်ယူ (၃-၀) ဝက်စ်ဟမ်းပွဲစဉ်တွင် လီဆန်ဒရိုမာတီနက်ဇ်မှာ ပြိုင်ဘက်အသင်းနောက်ခံလူ ကူဖယ်လ်နှင့်ထိခိုက်ရာမှ ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ကူဖယ်လ်မှာ လီဆန်ဒရိုမာတီနက်ဇ်၏ဒူးကို ခန္ဓာကိုယ်ဖြင့် ဖိမိခဲ့ခြင်းဖြစ်ပြီး ပြန်ကစားနိုင်ရန် ကြိုးပမ်းသော်လည်း အဆင်မပြေသဖြင့် ဒုတိယပိုင်း ၇၁ မိနစ်တွင် လူစားလဲခဲ့ရသည်။
၎င်း၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အဲရစ်တန်ဟက်ဂ်က ”အခြေအနေက ဘယ်လောက်ဆိုးလဲဆိုတာ ကျွန်တော်မပြောနိုင်ပေမဲ့ ပုံစံကြည့်ရတာတော့ မကောင်းပါဘူး။ အဲဒါကြောင့် စိုးရိမ်စရာတော့ ရှိပါတယ်။ ဒဏ်ရာအခြေအနေကိုသိရဖို့ လာမယ့်ရက်တွေအထိ စောင့်ရမှာဖြစ်ပြီး အဲဒါမှ ပိုပြီးပြောပြလို့ရမှာပါ။ ထိခိုက်မှုကိုသိရဖို့ မှန်ကန်တဲ့ စစ်ဆေးမှုအားလုံး လုပ်သွားမှာပါ။ သူအရမ်းဝမ်းနည်းပြီး စိတ်ပျက်နေတယ်။ ကျွန်တော်တို့လည်း သူနဲ့အတူ တကယ်ခံစားရပါတယ်။ ဒါက သူ့ အတွက်တော့ ဘေးဒုက္ခတစ်ခုပါပဲ။ ကျွန်တော်တို့ စောင့်ရမှာပါ။ ဒါပေမဲ့ ဒီဒဏ်ရာက တကယ်ဆိုးပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
လီဆန်ဒရိုမာတီနက်ဇ် (၂၆ နှစ်) သည် ယခုရာသီတွင် ဒဏ်ရာများဖြင့် ရုန်းကန်နေရပြီး ခြေထောက်ဒဏ်ရာကြောင့် စက်တင်ဘာလကုန်ပိုင်းမှ ဇန်နဝါရီလလယ်ပိုင်းအထိ လေးလဝန်းကျင် အနားယူခဲ့ရသည်။
၎င်းအနေဖြင့် ၂၀၂၃-၂၀၂၄ ရာသီ ပရီးမီးယားလိဂ်တွင် ပွဲထွက်အဖြစ် ခုနစ်ပွဲနှင့် လူစားဝင်အဖြစ် တစ်ပွဲသာ ကစားခွင့်ရထားသည်။