အာဆင်နယ်အသင်းနည်းပြ အာတီ တာသည် ရာသီကုန်တွင် ဘာစီလိုနာအသင်း ကို ကိုင်တွယ်ဖွယ်ရှိသည့် သတင်းများကို အတိအလင်း ငြင်းဆန်ခဲ့သော်လည်း နည်းပြသစ် ရေပန်းစားမှု၌ ထိပ်ဆုံးတွင် ဆက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အာတီတာက ဘာစီလိုနာအသင်း၏ နည်းပြရာထူးအတွက် ရေပန်းစားနေသူများထဲတွင် ပါဝင်နေသည့်အပေါ် ၎င်း၏အမြင်ကို မေးမြန်းခဲ့ရာ အာတီတာက သတင်းအတုများသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
အာတီတာက “မဟုတ်ပါဘူး။ ဒါတွေက လုံးဝကို သတင်းတုတွေသာ ဖြစ်ပါတယ်။ ဒီသတင်းတွေက ဘယ်ကဘယ်လို ထွက်ပေါ်လာသလဲ ဆိုတာလည်း ကျွန်တော် မသိပါဘူး။ ပြောနိုင်တာကတော့ လုံးဝလုံးဝကို အဖြစ်မှန်နဲ့ မနီးစပ်တဲ့ သတင်းဖြစ်တယ်ဆိုတာနဲ့ ကျွန်တော် ကိုယ်တိုင်လည်း အံ့သြမိတယ်ဆိုတာပါပဲ။ ကျွန်တော်က အခုအချိန်မှာ နေရာမှန်မှာရှိနေပြီး ကျွန်တော့်အတွက် ခံစားမှုကလည်း အရမ်းကောင်းနေပါတယ်။ ဒီအသင်းနဲ့အတူ ခရီးရှည်ကြီးကို လျှောက်လှမ်းသွားဖို့ စဉ်းစားထားပြီး အခုအထိလည်း ဒီခရီးလမ်းကို လျှောက်လှမ်းနေတုန်းပါပဲ။ အသင်းဘုတ်အ ဖွဲ့နဲ့ ကျွန်တော့်အကြားမှာလည်း အရမ်းခိုင်မာတဲ့ ဆက်ဆံရေးလမ်းကြောင်း ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။
အသက် ၄၁ နှစ်သာရှိသေးသည့် အာတီတာသည် ဘာစီလိုနာ၏ လာမာဆီယာအကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး အသင်းကြီးအတွက် မကစားခဲ့ရသော်လည်း ဘာစီလိုနာ B အသင်းအတွက် ၄၂ ပွဲကစားကာ သုံးဂိုး သွင်းယူပေးခဲ့သည်။ ဘာစီလိုနာအသင်း၏ လက်ရှိနည်းပြဖြစ်သူ ဇာဗီက ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု အတည်ပြုကြေညာပြီးနောက် စပိန်အားကစားမီဒီယာများက အာတီတာကို နည်းပြသစ်ဖြစ်နိုင်ခြေ အရှိဆုံးဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။
နာမည်ကြီးလောင်းကစားကုမ္ပဏီများကလည်း ဘာစီလိုနာနည်းပြသစ် အလေးပေးချက်တွင် အာတီတာကို ထိပ်ဆုံးနေရာ၌ ဆက်ပေးထားကြောင်း သိရသည်။ SkyBet ၏အလေးပေးချက်တွင် အာတီတာက ၅း၂ လေးဖြင့် ထိပ်ဆုံး၌ရှိခဲ့ပြီး ဘာစီလိုနာ B အ သင်းနည်းပြ ရာဖေးလ်မားကွက်ဇ်က ၄း၁ လေး၊ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ၆း၁ လေး၊ ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီလက်ရွေးစင်အသင်းနည်းပြဟောင်း ဟန်ဆီဖလစ်ခ်က ရး၁ လေး၊ ဘာစီလိုနာ B အသင်းနည်းပြဟောင်း ပီမီယန်တာက ၈း၁ လေးဖြင့် အသီးသီးရှိနေကြသည်။