နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ခရစ္စဆပ်တန်က မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် နည်းပြနှင့် အသင်းဖော်များအပေါ် လေးစားမှုမရှိသူဟု ဝေဖန်ပြစ်တင်ခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနှင့် ကြာသပတေးညများက အိုင်ယာလန်နိုင်ငံမှ နိုက်ကလပ်တွင် သွားရောက်ပျော်ပါးခဲ့ပြီး နေမကောင်းဟုအကြောင်းပြကာ လေ့ကျင့်မှုပျက်ကွက်ခဲ့သည့်အတွက် နည်းပြတန်ဟက်ဂ်နှင့် ပြဿနာတက်နေသူဖြစ်သည်။ ယင်းအပြုအမူအတွက် တန်ဟက်ဂ်က ၎င်းကို နယူးပို့တ်နှင့်ပွဲ လူစာရင်းမှ ချန်လှပ်ခဲ့သည်။
ခရစ္စဆပ်တန်က ရပ်ရှ်ဖို့ဒ်သည် လက်ရှိအချိန်၌ မန်ယူအသင်း၏ ခြေစွမ်းပြနိုင်သည့် ကစားသမားအချို့ထဲတွင် ပါဝင်နေသော်လည်း ကိုယ့်ကိုယ်ကို ထိ၍မရနိုင်သည့်ကစားသမားဟု ထင်မြင်နေသူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။
“သူက သူ့ကိုယ်သူ ထိလို့မရနိုင်တဲ့ ကစားသမားလို့ ထင်နေတာပါ။ အခုလိုလိမ်လည်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒါကို ထပ်လုပ်တာပါ။ သူက နည်းပြကို လေးစားမှုမရှိသလို၊ အသင်းဖော်တွေကိုလည်း လေးစားမှုမရှိပါဘူး။ သူက တန်ဟက်ဂ်ထက် အသင်းမှာ ကြာရှည်ဆက်ရှိမယ်လို့လည်း ထင်နေပုံရပါတယ်”ဟု ဆိုခဲ့သည်။
သတင်းအချို့ကမူ မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်အား တစ်နှစ်လစာ၏ (၁၀)ရာခိုင်နှုန်း ဒဏ်ငွေချမှတ်ကာ အရေးယူခဲ့ကြောင်းနှင့် ရပ်ရှ်ဖို့ဒ်သည် နည်းပြ တန်ဟက်ဂ်နှင့် ဆာဂျင်ရက်ကလစ်ဖ်၏ လက်အောက်မှ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ဆာဒေ့ဗ်ဘရေးလ်စ်ဖို့ဒ်တို့ကို တောင်းပန်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။