လီဗာပူးလ်အသင်းခေါင်းဆောင် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်က နည်းပြ ယာဂန်ကလော့ပ် မရှိတော့ပါက မိမိအနေဖြင့် အသင်းတွင် ဆက်ရှိမည်လားဆိုသည်ကို မသိသေးကြောင်း ပြောကြားခဲ့သည်။
ယာဂန်ကလော့ပ်သည် လာမည့်ရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဟု တရားဝင်ကြေညာထားခြင်းကြောင့် အနာဂတ်နှင့်ပတ်သက်၍ အသင်းခေါင်းဆောင် ဗန်ဒိုက်၏ သဘောထားကို မီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗန်ဒိုက်(၃၂ နှစ်) သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လီဗာပူးလ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကြိုးပမ်းနေချိန်တွင် ယာဂန်ကလော့ပ်၏ လမ်းခွဲသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ကြောင့် ယာဂန်ကလော့ပ် ထွက်ခွာသွားပြီးနောက် အသင်း၏ ခေတ်သစ်တစ်ခု၌ ဆက်ရှိမည်လားဟု မေးမြန်းခဲ့ရာ ဗန်ဒိုက်က ”တကယ်ကောင်းတဲ့မေးခွန်းပါပဲ။ ဒါပေမဲ့ ကျွန်တော် မသိသေးပါဘူး။ ကလပ်အသင်းက လုပ်စရာတွေ အများကြီးရှိလာမှာပါ။ နည်းပြနေရာတစ်ခုတည်းတင်မဟုတ်ဘဲ နည်းပြတစ်ဖွဲ့လုံးအတွက် အစားထိုးမှုလုပ်ရမှာပါ။ ဒါကြောင့် အပြောင်းအလဲတွေ အများကြီးဖြစ်လာမှာပါ။ ဘယ်လိုရှေ့ဆက်မလဲဆိုတာ ကျွန်တော် အရမ်းသိချင်ပါတယ်။ ဒါပေမဲ့ အဲဒါက ယာဂန်ကလော့ပ်ခေတ် အဆုံးသတ်ချိန်မှာမှ ဖြစ်လာမှာပါ။ ကျွန်တော်က လက်ရှိခေတ်မှာ ရှိနေသေးတာကြောင့် အဲဒီအကြောင်း မပြောချင်ပါဘူး။ ကျွန်တော်တို့အားလုံး အိပ်မက်မက်ထားတဲ့ အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီနောက်မှာ ကလပ်အသင်းက အနာဂတ်အတွက် ဘယ်လိုရည်ရွယ်ထားလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရမှာပါ”ဟု ပြောကြားခဲ့သည်။
ဗန်ဒိုက်က အပြောင်းအလဲများမှာ ရာသီကုန်မှသာ ဖြစ်ပေါ်လာမည်ဖြစ်ပြီး လက်ရှိအချိန်၌ ယာဂန်ကလော့ပ် လမ်းခွဲတော့မည်ဟု ကြေညာခဲ့သော်လည်း အသင်း၏ စိတ်ဓာတ်ပိုင်းမှာ အပြောင်းအလဲမရှိကြောင်း၊ အာရုံစူးစိုက်မှုအပြည့်ဖြင့် ရှေ့ဆက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။