ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မန်ယူအသင်း၏ဘတ်စ်ကားအား ပုလင်းဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ဒီဇင်ဘာ (၁၇)ရက်နေ့က လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရန် အန်ဖီးလ်ကွင်းသို့ ဘတ်စ်ကားဖြင့် ထွက်ခွာခဲ့ရာတွင် ကွင်းအပြင်ဘက်တွင် စုရုံးနေသော အိမ်ရှင်ပရိသတ်များထဲမှ တစ်ဦးက ဖန်ပုလင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပစ်ပေါက်ခဲ့ခြင်းအတွက် ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် အသက်(၂၃)နှစ်အရွယ် ပရိသတ်တစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ”ဒီဇင်ဘာ(၂၃)ရက် အန်ဖီးလ်ကွင်းမှာ မန်ယူအသင်းရဲ့ဘတ်စ်ကား ထိခိုက်ပျက်စီးခဲ့ခြင်းအတွက် သံသယဖြစ်ဖွယ် အသက်(၂၃)နှစ်အရွယ် လူတစ်ဦးကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်။ ဖြစ်စဉ်က အန်ဖီးလ်လမ်းပေါ် Tia ဟိုတယ်နားမှာ ဖြစ်ပွားခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ အဲဗာတန်ဧရိယာမှာနေတဲ့ လူတစ်ယောက်ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။
အန်ဖီးလ်ကွင်းအပြင်ဘက်၌ ဘတ်စ်ကားအား တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များကို မန်ယူအသင်းသာမက မန်စီးတီးနှင့် ရီးယဲလ်အသင်းတို့လည်း ကြုံတွေ့ခဲ့ဖူးပြီး မန်စီးတီးအသင်းက နှစ်ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။