အူန်ယွန်းဘာလင်အသင်းနည်းပြ မာရီလူးဝစ်အီတာသည် ဘွန်ဒစ်လီဂါပွဲစဉ်တွင် တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အသက် (၃၂) နှစ်သာရှိသေးသူ အီတာသည် ဇန်နဝါရီ (၂၈) ရက်က အူန်ယွန်းဘာလင်အသင်းနှင့် ဒမ်းစတက်ဒ်အသင်းတို့ပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ပြီးနောက် အဆိုပါမှတ်တမ်း ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
အူန်ယွန်းဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲတွင် ပြိုင်ဘက်ကစားသမား ဆာနေး၏မျက်နှာကို နှစ်ကြိမ် တွန်းထိုးခဲ့သောကြောင့် (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရရာ ပထမအသင်း၏ လက်ထောက်နည်းပြဖြစ်သူ အီတာက အစားထိုးတာဝန်ယူကိုင်တွယ်ခွင့် ရခဲ့ခြင်းဖြစ်သည်။
အီတာသည် ဂျာမနီလူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင် ကစားခဲ့ဖူးပြီး ၂၀၀၈ ဥရောပ ယူ-၁၇ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ ချန်ပီယံ၊ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယနှင့် ၂၀၁၀ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့သည်။
အီတာသည် ကစားသမားဘဝတွင် ဘွန်ဒစ်လီဂါချန်ပီယံဆု သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရယူနိုင်ခဲ့သည်။
အီတာသည် နည်းပြအဖြစ် ဂျာမနီ ယူ-၁၉၊ ယူ-၁၅၊ ယူ-၁၇ အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။