၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် အစင်း ၃၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်တွင် အရေးပါသော သမ္မတရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက်ပိုင်း တရုတ်၏အကြီးမားဆုံး အင်အားပြမှုလည်းဖြစ်သည်။
ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ်စစ်ရေးအရ တိုးမြှင့်ဖိအားပေးလာခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ နေ့စဉ်နီးပါးစေလွှတ်လျက်ရှိသည်။
တရုတ်က ခွဲထွက်ရေးသမားအဖြစ်ရှုမြင်ထားသော အာဏာရဒီမိုကရက်တစ်တိုး တက်ပြောင်းလဲရေးပါတီ (DPP) သမ္မတလောင်း လိုင်ချင်းတယ် အနိုင်ရခဲ့မည်ဆိုလျှင် ထိုင်ဝမ်အားစစ်ပွဲနှင့် ဆုတ်ယုတ်ကျဆင်း ခြင်းဆီသို့ ဦးတည်စေလိမ့်မည်ဟု ရွေးကောက်ပွဲမတိုင်မီတွင် တရုတ်ကသတိပေးခဲ့သည်။
လိုင်သည် ပြီးခဲ့သည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကြောင့် အာဏာရ ဒီမိုကရက်တစ် တိုးတက်ပြောင်းလဲရေးပါတီ (DPP)သည် မကြုံစဖူးအဖြစ် သက်တမ်းသုံး ကြိမ်ဆက် အာဏာဆုပ်ကိုင်ခွင့်ရခဲ့သည်။တရုတ်က ထိုင်ဝမ်ကို ၎င်းတို့ပိုင်ဆိုင်သည်ဟူသော ပြောကြားချက်ကို DPP ပါတီက ကာလ ကြာမြင့်စွာ ပယ်ချခဲ့သည်။
ဇန်နဝါရီ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီအထိ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၃၃ စင်းနှင့် ရေတပ်သင်္ဘောခုနစ်စင်းကိုတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် စစ်လေယာဉ် ၁၃ စင်းသည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ခဲ့သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုင်ဝမ်စစ်တပ်သည် အခြေအနေကိုမပြတ်စောင့်ကြည့်ခဲ့ပြီး ထောက်လှမ်းတွေ့ရှိသည့် လှုပ်ရှားမှုများကို တုံ့ပြန်ရန်ကင်းလှည့်လေယာဉ်များ၊ ရေတပ်သင်္ဘောများနှင့် ကမ်းရိုးတန်းကာကွယ်ရေး ဒုံးလက်နက်စနစ်များကို ဖြန့်ကြက်ခဲ့သည်ဟု သိရသည်။
ထို့ပြင် ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်မကို ပိုင်းခြားထားသည့် အရေးပါသော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်လာသည့် တရုတ်၏ မိုးပျံပူဖောင်းနှစ်လုံးကိုလည်း တွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်က ပြောကြားခဲ့သည်။
တရုတ်က လွတ်လပ်ရေးလိုလားသူအဖြစ် ဝေဖန်ထားသည့် ထိုင်ဝမ်ရွေးကောက်ခံ သမ္မတ လိုင်ချင်းတယ်၊ ရွေးကောက်ခံ ဒုသမ္မတ ရှောင်ပိချင်းတို့နှင့် တွေ့ဆုံရန် တိုင်ပေသို့ အမေရိကန် လွှတ်တော်အမတ်နှစ်ဦး လာ ရောက်ခဲ့ပြီးနောက်တွင် တရုတ်က အင်အားပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်က သူ့ကိုယ်သူ ထိုင်ဝမ်လွတ်လပ်ရေးအတွက် လက်တွေ့ကျကျ ကြိုးပမ်းအားထုတ်သူအဖြစ် ပြောဆိုထားသည်။ ထိုင်ဝမ်လွတ်လပ်ရေးသည် တရုတ်က မည်သို့မျှလက်သင့်မခံ နိုင်သည့် ကိစ္စရပ်ဖြစ်သည်။
ထိုင်ဝမ်အနီးတွင် တရုတ်၏ မိုးပျံပူဖောင်းခြောက်လုံးကို စံချိန်တင်တွေ့ရှိခဲ့ပြီး တရုတ်စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများကိုလည်း တွေ့ရှိခဲ့သည်ဟုထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါ ရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၇ ရက်တွင် ထွက်ပေါ်လာသည့် လွှတ်တော်ရွေးကောက်ပွဲရလဒ်အရ တူဗာလူနိုင်ငံ၏ ထိုင်ဝမ်လိုလားသည့် ဝန်ကြီးချုပ် ကော်စီယာနာတာနိုသည် လွှတ်တော်အမတ်နေရာ လက်လွှတ်ခဲ့ရသည့်အတွက် တူဗာလူသည် တရုတ်နှင့်သံတမန်ဆက်ဆံရေး ပြောင်းလဲထူထောင်ဖွယ်ရှိသည်ဟူသောမှန်းဆမှုများ ပိုမိုကျယ်ပြန့်လာသည်။