ဂျပန်နိုင်ငံ၏ နိုတိုကျွန်းဆွယ်တွင် လူပေါင်း ၂၃၆ ဦးသေဆုံးခဲ့သည့် ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်သည် နိုင်ငံ၏ စီးပွားရေးအပေါ် ရေရှည်သက်ရောက်နိုင်ပြီး အပြည့်အဝအာရုံစိုက်လုပ် ဆောင်ရန်လိုအပ်ကြောင်း ဂျပန်အစိုးရက ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အစိုးရသည် ဥရောပသို့ တင်ပို့မည့် ပို့ကုန်ကဏ္ဍအပေါ် မျှော်မှန်းချက်ကို လျှော့ချခဲ့သော်လည်း ကုန်ထုတ်လုပ်ရေး၊ စားသုံးမှုနှင့် အလုံစုံစီးပွားရေးအခြေအနေအပေါ်ထားရှိသည့် အကဲဖြတ်ချင့်တွက်မှုကိုမူ ပြောင်းလဲခဲ့ခြင်းမရှိပေ။
“စီးပွားရေးအပေါ် သက်ရောက်မှုကို အပြည့်အဝအာရုံစိုက်လုပ်ဆောင်သင့်ပါတယ်”ဟု ဂျပန်အစိုးရက ငလျင်လှုပ်ခတ်ခဲ့မှုကို ရည်ညွှန်းပြီး ဇန်နဝါရီလအတွက် လစဉ်စီးပွားရေးသတင်းထုတ်ပြန်ချက်တွင် ပြော ကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း ငလျင်ဒဏ်သင့် နေရာဒေသများတွင်ကယ် ဆယ်ရေးအစီအစဉ်များလုပ်ဆောင်ရန်အတွက် နိုင်ငံတော် ဘတ်ဂျက်အရံငွေကြေးများထဲမှ ယန်း ၁၅၀ ဘီလျံ (၁ ဒသမ ၀၂ ဘီလျံ)ကို သုံးစွဲသွားမည်ဟု ဇန်နဝါရီ ၂၄ ရက်က ကတိပြုခဲ့သည်။
နိုတိုကျွန်းဆွယ်တည်ရှိသည့် အီရှီကာဝါ စီရင်စုနယ်သည် ဂျပန်၏ ဂျီဒီပီစုစုပေါင်း၏ ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ငလျင်လှုပ်ခတ်ပြီးနောက် ကုန်ထုတ်လုပ်ရေး စက်ယန္တရားထုတ်လုပ်သည့် ကုမ္ပဏီများ စွမ်းအင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများကဲ့သို့ ဒေသခံစက်ရုံအချို့သည် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဂျပန်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဂျပန် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ကာဇူအို ယူအီဒါကမူ ငလျင်ကြောင့် ခိုင်မာတောင့်တင်းသည့် မက်ခရိုစီးပွားရေးအပေါ် သက်ရောက်မှုကြီးကြီးမားမားမရှိသော်လည်း ကုန်ထုတ်လုပ်ရေး ထောက်ပံ့ရေး ကွင်းဆက်များ၊ ခရီးသွားလာရေးကဏ္ဍ၊ စားသုံးသူများ၏ ယုံကြည်မှုအပေါ် သက်ရောက်မှုအနည်းငယ်ရှိ ခဲ့သည်ဟု ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်တွင် ဂျပန်အစိုးရသည် တစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်ပို့ကုန်များ၏ တန်ဖိုးချင့်တွက်မှုကို လျှော့ချခဲ့ပြီး ဥရောပစျေးကွက်များထံမှ ဝယ်လိုအားများ လျော့ကျနေကြောင်း ပြောကြား ခဲ့သည်။
အမေရိကန်နှင့် တရုတ်သို့တင်ပို့သည့် ပို့ကုန်ကဏ္ဍသည် ခိုင်မာစွာပြန်လည်နာလန် ထူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလအတွက် ကုန်သွယ်ရေးအချက်အလက်များကို ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးနေချိန်တွင် ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်လက်တည်ရှိ နေမည်ဟုတ်မဟုတ် ရှင်းလင်းစွာ မသိရသေးကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လကတည်းက တိုယိုတာ ကုမ္ပဏီ၏ အသေးစားကားထုတ်လုပ်ရေးကုမ္ပဏီ အိုင်ဒီဟတ်ဆုတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာများကြောင့် ကားထုတ်လုပ်မှုများ ရပ်တန့်ခဲ့သဖြင့်ဂျပန်၏ ကားထုတ်လုပ်မှု ပမာဏသည်လည်း လျော့ကျဖွယ်ရှိနေသည်။
ဂျပန်တွင် ငွေကြေးဖောင်းပွမှုနှုန်း နှေးကွေးနေသဖြင့် စားသူမှုနှုန်းမြင့်တက်နေပြီး အလုပ်အကိုုင် ပြောင်းလဲလုပ်ကိုင်လိုသူများ မြင့်တက်နေမှုသည် နှစ်စဉ်နွေဦးရာသီတွင် ပြုလုပ်သည့် လုပ်ခလစာ ဆွေးနွေးညှိနှိုင်းမှုများ မတိုင်မီ လုပ်ခလစာများ ပိုမိုမြင့်တက် စေနိုင်သည်ဟုလည်း အစိုးရက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၁ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဂျပန်ကျွန်းမကြီး ဟွန်ရှူးပေါ်ရှိ နိုတိုကျွန်းဆွယ်တွင် မီးလောင်မှုများကိုဖြစ်ပွားခဲ့ကာ လမ်းတံတားအဆောက်အအုံများ ပြိုကျပျက် စီးခဲ့သည်။
ထိုငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၃၆ ဦးရှိခဲ့ကာ ၁၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၄ ဘီလျံခန့်ရှိခဲ့သည်။