ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ဆေးရုံများကို ဟားမာ့စ်အဖွဲ့က အသုံးချနေသည်ဆိုသည့် အစ္စရေး၏ သက်သေအထောက်အထားများကို လျစ်လျူရှုခြင်းအားဖြင့် ဟားမာ့စ် အဖွဲ့နှင့် ပူးပေါင်းလိမ်ညာနေသည်ဟု အစ္စရေးက ဇန်နဝါရီ ၂၅ ရက်တွင် စွပ်စွဲခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် ဆေးရုံများတွင် တပ်စွဲထားပြီး လူသားဒိုင်းများကို အသုံးပြုနေသဖြင့် ဂါဇာဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှု ရှိနိုင်တော့မည်မဟုတ်ကြောင်း အစ္စရေးသံအမတ် မိုင်ရက်အီလွန်ရှာဟာက WHO ၏ အမှုဆောင်ဘုတ်အဖွဲ့ကို ပြောကြားခဲ့သည်။
“ဂါဇာမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ တွေဝင်ရောက်ရှာဖွေခဲ့တဲ့ ဆေးရုံတိုင်းမှာ ဟားမာ့စ်အဖွဲ့ရဲ့စစ်ရေးအရ အသုံးပြုခဲ့တဲ့ သက်သေအထောက်အထားကို တွေ့ခဲ့ရပါတယ်။ ဒါဟာ WHO က တစ်ကြိမ်ပြီးတစ်ကြိမ် လျစ်လျူရှုခဲ့တဲ့ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ ဒါဟာ မကျွမ်းကျင်လို့မဟုတ်ပါဘူး။ ပူးပေါင်းလိမ်ညာခြင်းဖြစ်ပါတယ်”ဟု ရှာဟာက ပြောကြားခဲ့သည်။
ဟားမာ့စ်တို့သည် ဆေးရုံများကို အကြမ်းဖက်ရည်ရွယ်ချက်ဖြင့် အသုံးချခဲ့သည့် အထောက်အထားများရှိခဲ့သည်ဟုလည်း ရှာဟာက Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်ဒေသမှ ဟားမာ့စ်အဖွဲ့နှင့် အခြားစစ်သွေးကြွများသည် အစ္စရေးကို မကြုံစဖူးဝင် ရောက်တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးတွင် လူပေါင်း ၁၁၄၀ ဦးခန့် သေဆုံးခဲ့သည်ဟု အစ္စ ရေးအစိုးရက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဟားမာ့စ်တို့သည် ဓားစာခံ ၂၅၀ ခန့်ကို ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ ဟားမာ့စ်တို့လက်ထဲတွင် ဓားစာခံ ၁၃၂ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
ဟားမာ့စ်တို့၏ ဖမ်းဆီးခံရချိန်အတွင်း သေဆုံးခဲ့သည့် ဓားစာခံ ၂၈ ဦးထက်မနည်း ရှိခဲ့သည်ဟု အစ္စရေး၏ ထုတ်ပြန်ချက်များကို အေအက်ဖ်ပီသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။
ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတွင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၂၅၇၀၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူ ၇၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသ မီးများနှင့် ကလေးများဖြစ်သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် ဆေးရုံများအောက်တွင် လိုဏ်ခေါင်းများ ဖောက်ထားပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို စစ်ဆင်ရေးကြီးကြပ်ကွပ်ကဲသည့် စင်တာများအဖြစ် အသုံးချနေသည်ဟု အစ္စရေးစစ်တပ်က စွပ်စွဲခဲ့သော်လည်း ထိုစွပ်စွဲချက်များကို ဟားမာ့စ်အဖွဲ့က ငြင်းဆိုခဲ့သည်။
WHO ကလည်း အစ္စရေး၏ စွပ်စွဲချက်များကို အတည်မပြုနိုင်ကြောင်း ယခင်က ပြောကြားခဲ့သည်။
ဂါဇာဒေသဆိုင်ရာ WHO ကိုယ်စားလှယ် ရစ်ချက်ပီပါကွန်းက ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ချိန်က မိမိတို့မစ်ရှင်သည် မြေပြင်တွင် ယင်းကဲ့သို့ ဖြစ်ပျက်နေပုံများကို မမြင်ခဲ့ကြောင်း၊ ဆေးရုံများ မည်ကဲ့သို့ အသုံးချခံခဲ့ရသည်ဆိုခြင်းကို WHO က ထုတ်ဖော်ပြောဆိုသည့် အခန်းကဏ္ဍတွင် မရှိကြောင်း ပြောကြားခဲ့သည်။
“WHO ရဲ့ အခန်းကဏ္ဍကတော့ အနီးကပ်လေ့လာစောင့်ကြည့်ဖို့နဲ့ သတင်းထုတ်ပြန်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့မဟုတ်ပါဘူး”ဟု ပီပါကွန်းက ပြောကြားခဲ့သည်။
သို့သော် WHO သည် ဂါဇာ၏ ဆေးရုံများထဲတွင် ဓားစာခံများ ထိန်းသိမ်းခံထားရသည်ကို သိရှိခဲ့ကြောင်းနှင့် ထိုဆေးရုံများထဲတွင် ဟားမာ့စ်များလှုပ်ရှားနေသည်ကိုလည်း သိရှိကြောင်း ရှာဟာက စွပ်စွဲခဲ့သည်။
“ခိုင်မာတဲ့ သက်သေအထောက်အထားတွေ တင်ပြနေတာတောင်မှပဲ WHO က လျစ်လျူရှုထားပါတယ်”ဟု ရှာဟာက ပြောကြားခဲ့သည်။