တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၂၅ ရက်က အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးကို ဆယ်ကျော်သက်အရွယ်က လေးတစ်ဦးက တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်သည် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၅ ရက်က ဆိုးလ်မြို့တော်၏ လူကုံထံရပ်ကွက်ဖြစ်သည့် ဂန်နမ်ရပ်ကွင် ဆယ်ကျော်သက်ကလေးတစ်ဦးက အသက် ၄၀ အရွယ် အမျိုးသမီးလွှတ်တော်အမတ်ဖြစ်သူ ဘေဟန်ချင်၏ ဦးခေါင်းနောက်ဘက်ကို ကျောက်ခဲဖြင့် ထပ်ကာထပ်ကာ ထုနှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဘေသည် ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ပြန်လည်သက်သာလာကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ ဘေ၏ ဦးခေါင်းတွင် တစ်စင်တီမီတာ အရွယ်ရှိ ပေါက်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး နှစ်ချက်ချုပ်ခဲ့ရကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းအားကုသပေးနေသည့် ဆရာဝန်များက ပြောကြားခဲ့သည်။
တိုက်ခိုက်မှုကျူးလွန်သူသည် အသက် ၁၅ နှစ်အရွယ်ရှိသည့် ကလေးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ထိုကလေးကို ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းတွင် ဆေးရုံ၌ စိတ်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် တာဝန်ရှိသူများက အမိန့်ချမှတ်ခဲ့သည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထောင်ကိုရီးယား၏ အတိုက်အခံလွှတ်တော်အမတ်ဖြစ်သည့် လီဂျေမြောင်သည် ဘူဆန်မြို့တွင် သတင်းထောက်များနှင့် စကားပြောဆိုနေချိန်တွင်လည်ပင်းကို ဓားဖြင့် တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယခုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုဟာ ပြည်သူတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်”ဟု ဘေ၏ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယွန်းက ပြောကြားခဲ့သည်ဟု သမ္မတဆိုင်ရာ နိုင်ငံရေးထိပ်သီးအတွင်းဝန် ဟန်အိုဆွတ်က ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုဖြစ်စဉ်ကို အာဏာရ ပြည်သူ့ပါတီနှင့် အတိုက်အခံဒီမိုကရက်တစ်ပါတီတို့က နိုင်ငံရေးအကြမ်းဖက်မှုလုပ်ရပ်ဟု သုံးနှုန်းဖော်ပြခဲ့ပြီးနောက်တစ်ရက်အကြာတွင် ယွန်း၏မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး သမ္မတယွန်း၏ ကွန်ဆာဗေးတစ်ပါတီသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်နေရာအများစုကို ပြန်လည်ရရှိရန် ရည်မှန်ထားသည်။
မကြာသေးမီက လီကို ဓားဖြင့်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်သည် လီကို သမ္မတမဖြစ်စေလိုသည့် ကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင်ထားသူတစ်ဦးက စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လီသည် ဇန်နဝါရီ ၂ ရက်တွင် ဘူဆန်မြို့၌ တိုက်ခိုက်ခံခဲ့ရဖြင်းဖြစ်ပြီး ဆိုးလ်မြို့တော်ရှိ ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် ပြန်လည်သက်သာလာကာ သီတင်းနှစ်ပတ်အကြာတွင် လွှတ်တော်အမတ်တာ ဝန်များကိုပြန်လည်ထမ်းဆောင်နိုင်ခဲ့သည်ဟု ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။