ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကာ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။
ဇန်နဝါရီ ၂၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)တွင် နစကဥက္ကဋ္ဌက ထိုသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌက မိမိတို့အနေဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ခုအနေဖြင့် စစ်ရေးအား၊ စီးပွားရေးအားနှင့် နိုင်ငံရေးအားများကောင်း မွန်နေရန်လိုကြောင်း၊ အဓိကမှာ စီးပွားရေး အားကောင်းမွန်ရန် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ဝအောင်မြင်စွာစိုက်ပျိုးနိုင်မှုမရှိခြင်းနှင့် စက်ရုံ၊အလုပ်ရုံများမှ ကုန်ထုတ်လုပ်မှုများ အပြည့်အဝထုတ်လုပ်နိုင် ခြင်းမရှိမှုတို့ကြောင့် စီးပွားရေးအရ အား နည်းချက်များရှိကြောင်း၊ ကမ္ဘာပေါ်ရှိစစ်အင်အားကြီးသည့်နိုင်ငံများ၊ စီးပွားရေးအင်အား ကောင်းမွန်သည့် နိုင်ငံများကို အခြားနိုင်ငံများမှ ဝင်ရောက်မစွက်ဖက်ရဲသည်ကို တွေ့ရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အားများ ကောင်းမွန်စေရေး အားလုံးက ၀ိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံရေးအရ ကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ လွတ်လပ် ရေးရရှိသည်မှာ ၇၅ နှစ်ကျော်လွန်လာပြီ ဖြစ်သော်လည်းနိုင်ငံရေးခိုင်မာအောင်တည် ဆောက်နိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့အနေဖြင် စစ်မှန်စည်ကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးမျှော် မှန်းချက်နှစ်ရပ်ကိုချမှတ်ထားကြောင်း၊ ဒီမိုကရေစီစိတ်ဓာတ်၊ တိုင်းပြည်ကောင်းအောင်ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိမည်ဆိုပါက အဆိုပါ မျှော်မှန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပြဿနာမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေ၊ စည်းကမ်းများနှင့် အညီ ဆောင်ရွက်တတ်ရန် လိုအပ်ချက်များစွာရှိနေသေးကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် မဲပေးခွင့်ရှိသူများ၏ ၉၂ ဒသမ ၄၈ ရာ ခိုင်နှုန်းက ထောက်ခံထားသည့် ဥပဒေဖြစ်ကြောင်း၊ အဆိုပါအခြေခံဥပဒေသည် ပြည်သူအများစု၏ ဆန္ဒမဲများဖြင့် အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ်သဖြင့် ကျော်လွန်ဆောင်ရွက်၍မရကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီသာထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိပြီး လူများစုရှိသည့် တိုင်းရင်းသားများရှိသကဲ့သို့လူနည်းစုတိုင်းရင်းသားများလည်းရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအားလုံး တန်းတူအခွင့်အရေးရရှိရေးအတွက် ရွေးကောက်ပွဲကို PR စနစ်ဖြင့်ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက် နေကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရတည်ငြိမ်မှုရှိစေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေး နွေးမှုများဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ နိုင်ငံအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက်ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး အခြေအနေမှန်များ သိရှိနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှတာဝန်ရှိသူများအားလုံးအနေဖြင့်လည်းလုပ်ငန်း များဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဆောင်ရွက်စေရေး တာဝန်ရှိသူများ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။
မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည် နိုင်ငံရေးအပြောင်းအလဲများမှတစ်ဆင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ပဋိပက္ခများ၏ အခြေခံဖြစ်သည့် ဆူပူဆန္ဒပြမှုအဆင့်မှ အကြမ်းဖက်မှုအဆင့်အထိဖြစ်ပေါ်ခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပြိုကွဲစေလိုသည့်၊ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဆူပူအကြမ်းဖက်သည့် လူငယ်၊ လူရွယ်များအား အကြမ်းဖက် သင် တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကိုလုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံတွင်းရှိ အချို့မြို့နယ်များ၌ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များပေါ် ပေါက်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့်အတူတကွ ပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်မှုများပပျောက်စေရေးနှင့် တည်ငြိမ်အေး ချမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနစကဥက္ကဋ္ဌကပြောကြားသည်။
တပ်မတော်သည် အဓိကအားဖြင့် ပြည်ပရန်ကို ကာကွယ်ရန်အဓိကတာဝန်ရှိသည် ဖြစ်သော်လည်း နိုင်ငံတော်၏သမိုင်းကြောင်း နောက်ခံအခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်များတွင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့မှုအများဆုံးဖြစ်ပြီး သက်ဆိုင်ရာဒေသအလိုက် အထွေထွေအုပ်ချုပ်ရေးမှ အဓိကတာဝန်ရှိသည့် အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူတကွ ပူးပေါင်း၍ ပြည်သူလူထု၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မှတ်ပုံတင်ခွင့်ပြုပြီး ဖြစ်သည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးရာတွင် ပြည်သူ့လုံခြုံရေးစနစ်နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူအားလုံးပါဝင်သည့် ပြည်သူလုံခြုံရေးစနစ်ကိုဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်သည် အရေးကြီးပြီး ပြည်သူ လူထု၊အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးမှုရှိပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်များသည်လည်း အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ အဓိကမှာ အကြမ်းဖက်သူများ၏ သတင်းပေးပို့ရန်ဖြစ်ပြီး သတင်းပေးပို့သူကိုလည်း လျှို့ဝှက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးစနစ်ကို စနစ်တကျဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ပြည်သူ့လုံခြုံရေးစနစ်မှ တဆင့် ပြည်သူ့ကာကွယ်ရေးစနစ်သို့ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။
ယင်းအပြင်တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ထိထိရောက်ရောက်နှင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့၏လုပ်ငန်းရပ်များကို ကျေပွန်ရန်နှင့် မှန်မှန်ကန်ကန်လုပ်ဆောင်ရန်လိုပြီး ပြည်သူ လူထုကအားကိုးယုံကြည်ရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်စေရေး စည်းကမ်းပိုင်းအရ ကြပ် မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယုံကြည်မှုဖြင့် တည်ဆောက်မှသာလျှင် ပြည်သူလူထုက ပူးပေါင်းပါဝင်မည်ဖြစ်သည့်အတွက် စည်းကမ်းကောင်းသည့် နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့ဝင်များဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းသက်တမ်းကာလတစ်လျှောက် မိမိတို့၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံကိုကောင်းအောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် ၎င်းတို့၏ မူဝါဒများ၊ ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ့ကောင်းရာ၊ ကောင်းကျိုးကိုသတ်မှတ်သက်တမ်းကာလတစ်ခုအတွင်း ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရအတွက်မဟုတ်ဘဲ နိုင်ငံ့အရေးကိုသာ ကြည့်၍ တာဝန်ထမ်းဆောင်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ ကပြောကြားသည်။
နစကဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံ၌ ဥပဒေကိုကျော်လွန်၍ ဆောင်ရွက်နေခြင်းများရှိပြီး စီးပွားရေးသမားများအနေဖြင့် ၀ိသမလောဘများဖြင့် ၎င်းတို့၏ကိုယ်ကျိုး စီးပွားအတွက်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ စီးပွားရေးအပြင် လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများမှတဆင့်လက်နက်ကိုင်အကြမ်းဖက်သမားများ ထံသို့ငွေကြေးများ စီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းင်းမှတဆင့် လုံခြုံရေးအရထိခိုက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍လည်း ဘိန်းစိုက်ပျိုးမှုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများကို ယခုထက်ပိုမို၍ ဖော်ထုတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့ အကျိုးအမြတ်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် တရုတ်၊ထိုင်းစသည့် အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂကဲ့သို့သော မူးယစ်ဆေး ၀ါးတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုက်ဖျက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍လည်း ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။