အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်များတွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဝေလသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၅ ရက်မွန်းလွဲမိုင်းမှစပြီး ၄၈ နာရီအတွင်း အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထိုသို့အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် မိုးဇလက အကြံပြုအပ်ကြောင်း သိရသည်။
ဇန်နဝါရီ (တတိယ) ဆယ်ရက်ပတ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့်အောက် ညအပူချိန်များ လျော့နည်းနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
မိုးရွာသွန်းမှုအခြေအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တစ်ရက်မှ နှစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
ညအပူချိန်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် အောက်(သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့်အောက် လျော့နည်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။
မြူအခြေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငါးရက်မှ ကိုးရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တစ်ရက်မှ လေးရက်ခန့် နံနက်ပိုင်းတွင် မြုထူများဆိုင်းနိုင်ကြောင်း သိရသည်။