ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းအရ ၉၂ တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် မြင့်တက်လာပြီး ၉၂ တစ်လီတာ ၂၇၀၅ ကျပ်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်သည့် စျေးနှုန်းများအရ သိရသည်။
ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည့်စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၇၀၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၈၄၅၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင်ကျပ်၂၅၁၅ ဖြစ်ကြောင်း သိရသည်။
ယခင်ရက်များက စျေးကွက်အတွင်း ရောင်းချသည့်စျေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၅၈၅၊ ၉၅ တစ်လီတာလျှင်ကျပ် ၂၇၂၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၃၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၉၅ ဖြစ်သည်။
ယင်းကြောင့် ၉၂ တစ်လီတာလျှင် ကျပ် ၁၂၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၂၅၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၀ သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီစျေးနှုန်းများ မြင့်တက်ရခြင်းမှာ စင်ကာပူစက်သုံးဆီ စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု စျေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရခြင်းများ မရှိကြောင်း မော်တော်ယာဉ်အဌားမောင်းသူများထံမှ သိရသည်။
“စျေးတက်ပေမယ့် တန်းစီဝယ်ရတာတော့မရှိဘူး။ တချို့ဆိုင်တွေမှာက ဘေးတွဲတွေကို အချိန်သတ်မှတ်ပြီး ရောင်းပေးတာပဲရှိတယ်။ မော်တော်ယာဉ်တွေကတော့ အချိန်သတ်မှတ်ချက်မရှိသလို တန်းစီရတာလည်း မရှိဘူး” ဟု မော်တော်ယာဉ်အဌားမောင်းနှင်သူတစ်ဦးက ပြောကြားသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ စက်သုံးဆီဝယ်ယူရန် တန်းစီခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ယင်းကာလအတွင်း CNG တပ်ဆင်ထားသည့် မော်တော်ယာဉ်များကို စက်သုံးဆီဝယ်ယူခွင့်မပြုကြောင်း စက်သုံးဆီဆိုင်များတွင် တားမြစ်ကြေညာခဲ့သည်ကို တွေ့ရသည်။