အယ်လ်နာဆာအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၎င်း၏ ကြွက်သားဒဏ်ရာကြောင့် ခြေစမ်းပွဲများကို ရွှေ့ဆိုင်းခဲ့ရသည့်အတွက် တရုတ်ပရိသတ်များကို တောင်းပန်စကားဆိုခဲ့သည်။
စီရော်နယ်လ်ဒို၏ဒဏ်ရာကြောင့် တရုတ်နိုင်ငံတွင် ဇန်နဝါရီ (၂၄)ရက်ပွဲအပြင် (၂၈)ရက်တွင် ကစားရန်စီစဉ်ထားသည့် ခြေစမ်းပွဲနှစ်ပွဲစလုံးကို အယ်လ်နာဆာအသင်းက ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
အယ်လ်နာဆာအသင်း၏ထုတ်ပြန်ချက်တွင် ခြေစမ်းပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း Shenzhen ပြည်နယ်တွင် စခန်းသွင်းလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်သွားလိုကြောင်း၊ ပွဲသစ်တစ်ပွဲကို အမြန်ဆုံးအကောင်အထည်ဖော်ရန်အတွက်လည်း ပွဲစီစဉ်သူ၊ တာဝန်ရှိသူများနှင့် သဘောတူထားကြောင်း ရေးသားဖော်ပြခဲ့သည်။
”ခင်ဗျားတို့ သိထားသလို ဘောလုံးမှာ တချို့အကြောင်းအရာတွေက ချုပ်ကိုင်လို့မရပါဘူး။ ကျွန်တော်ဟာ ဘောလုံးလောကထဲ (၂၂)နှစ်ကြာ ဖြတ်သန်းထားပါတယ်။ ပြီးတော့ ဒဏ်ရာများများစားစား မရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော် အမှန်ပဲ ဝမ်းနည်းမိပါတယ်။ အယ်လ်နာဆာအသင်းနဲ့ ကျွန်တော်ကိုယ်တိုင် ဒီခရီးစဉ်ဖြစ်တဲ့ တရုတ်ကို ပျော်ပျော်ရွှင်ရွှင်လာခဲ့ပါတယ်။ ၂၀၀၃-၀၄ ရာသီကလည်း ကျွန်တော် တရုတ်ကို ရောက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီမှာ ကျွန်တော့်အိမ်လို ခံစားရပြီး ဒုတိယအိမ်လိုပါပဲ။ ဒီ နိုင်ငံဟာ ကောင်းမွန်တယ်လို့ ကျွန်တော် အမြဲခံစားမိပါတယ်။ ဝမ်းလည်းနည်းရပါတယ်။ ခင်ဗျားတို့လည်း ဝမ်းနည်းနေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ အထူးသဖြင့် ခရစ္စတီယာနိုကို ချစ်ခင်နှစ်သက်တဲ့သူတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအခြေအနေကို ကောင်းမွန်တဲ့အမြင်နဲ့ မြင်ရပါမယ်။ ကျွန်တော်တို့ ပွဲကို ဖျက်သိမ်းတာ မဟုတ်ပါဘူး။ ပွဲအတွက်နဲ့ ဒီကိုပြန်လာဖို့ တွန်းအားပေးလိုပါတယ်။ ကျွန်တော်တို့ ပြန်လာပါလိမ့်မယ်”ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
ခြေစမ်းပွဲနှစ်ပွဲ ဖျက်သိမ်းပြီးနောက် တရုတ်ပရိသတ်အများအပြား အယ်လ်နာဆာအသင်းတည်းခိုရာ ဟိုတယ်သို့ လာရောက်ခဲ့ကြကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် တရုတ်ပရိသတ်အများအပြားသည် သူတို့၏စိတ်ပျက်ဝမ်းနည်းမှုကို ပြသရန် ကြိုးပမ်းနေလျက်ရှိပြီး အခြားဗီဒီယိုတစ်ခုတွင်မူ ပရိသတ်များသည် ဟိုတယ်အပြင်ဘက်တွင် စီရော်နယ်လ်ဒို၏အမည်ကို သံပြိုင်အော်ဟစ်ခဲ့ကြသည်။
အယ်လ်နာဆာအသင်းသည် Riyadh Season Cup ခေါင်းစဉ်အောက်၌ ဖေဖော်ဝါရီလ (၁)ရက်တွင် မက်ဆီနှင့် ဆွာရက်ဇ်တို့ကစားနေသည့် အင်တာမိုင်ယာမီအသင်း၊ ဖေဖော်ဝါရီလ(၈) ရက်တွင် ဆော်ဒီလိဂ်ပြိုင်ဘက်ကလပ် အယ်လ်ဟီလာအသင်းနှင့် ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။