မိမိအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်းနှင့် ဖိလစ်ပိုင်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်လောင်းအတည်ပြုကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
မကြာသေးမီက ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကို မားကို့စ်က ဂုဏ်ပြုခဲ့ခြင်းကြောင့် တရုတ်ကို အမျက်ဒေါသထွက်စေခဲ့ပြီးနောက်တွင် ၎င်း၏တုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုလအစောပိုင်းက ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကို သမ္မတဟု ရည်ညွှန်းပြောဆိုပြီး ဂုဏ်ပြုခဲ့ခြင်းမှာ ပုံမှန်လောကဝတ်စကား ဆိုခြင်းသာဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်က ထုတ်လွှင့်ခဲ့သည့် GMA News ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တစ်ခုတွင် မားကို့စ်က ပြောကြားခဲ့သည်။
“တရုတ်တစ်နိုင်ငံတည်း မူဝါဒဟာ ခိုင်ခိုင်မာမာ ဆက်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံကျင့်သုံးပြီးကတည်းက တာဝန်သိသိနဲ့ တစ်စိုက်မတ်မတ် လိုက်နာစောင့်ထိန်းခဲ့တယ်” ဟု ၎င်းက ဆိုသည်။
မိမိတို့အနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံမည် မဟုတ်ကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်၏ ပြည်နယ်တစ်ခုဖြစ်ကြောင်း မားကို့စ်က ထပ်မံပြောကြားခဲ့သည်။
၎င်းအနေဖြင့် ငြိမ်းချမ်းရေးကိုသာလိုလားပြီး ဒေသတွင်း၌ ပဋိပက္ခဖြစ်ပွားမည်ကို မလိုလားကြောင်း မားကို့စ်က ပြောကြားခဲ့သည်။