ကချင်ပြည်နယ်အတွင်းရှိ တစ်ရှူးငှက်စိုက်ခင်းများတွင် တရုတ်နိုင်ငံမှ ကားများ ဝင်ရောက်သယ်ယူမှုကြောင့် မြန်မာနိုင်ငံသားပိုင် ပို့ဆောင်ရေးကားများ ရာနှင့်ချီ ရပ်နားထားရကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “ကုမ္ပဏီတွေက အစီးရေ ရာချီရပ်ထားတယ်။ ကျွန်တော်တို့ ကားတွေလည်း နားထားတယ်။ မြန်မာနိုင်ငံသားပိုင် ကားအစီး တစ်ထောင်ဝန်းကျင်လောက်ရှိမယ်။ အရင်က ကံပိုင်တည်နဲ့ တရုတ်နိုင်ငံ ကူရုံးမြို့ကို မြန်မာနိုင်ငံသားပိုင်ကားတွေပဲ ပို့ရာကနေ ငှက်ပျောစိုက်တဲ့ တရုတ်တွေက တရုတ်နိုင်ငံက ကားတွေဝင်ချလာပြီး လာသယ်တာ။ အစိုးရဘက်ကိုလည်း တားပေးဖို့ ပြောနေရတယ်။ တရုတ်ကားတွေက တဖြည်းဖြည်းဝင်လာတာ လွန်ခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လကနေ စဝင်လာတာ။ ကျွန်တော်တို့က နိုင်ငံတော်ကို အစိုးရ အခွန်ပေါင်းစုံပေးပြီး လုပ်ရတော့ သယ်ခတွေလည်း အများကြီးလျှော့လို့ မရဘူး။ သူတို့ကတော့ စျေးလျှော့ပြီး သယ်လို့ရနေတယ်လေ။ ကျွန်တော်တို့ နိုင်ငံသားပိုင်ကားတွေအတွက်တော့ ရှုံးတာပေါ့ဗျာ” ဟု ဆိုသည်။
ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးလာရစ်က “တစ်ရှူး ငှက်ပျောခင်းပိုင်ရှင်တွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သူတွေကြားမှာ ပြဿနာတွေရှိလာတယ်။ တာဝန်ယူ တာဝန်ခံရတဲ့အပိုင်း၊ စျေးနှုန်းပိုင်းတွေပေါ့။ အခုက ငှက်ပျောစိုက်ကုမ္ပဏီတွေက ကိုယ်ပိုင်ကားတွေ ဝယ်ယူဖို့ လုပ်ဆောင်နေကြတယ်။ ဝယ်လည်းဝယ်နေကြတယ်” ဟု ဆိုသည်။
ယင်းကဲ့သို့သော တရုတ်နိုင်ငံမှကားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ တစ်ရှူးငှက်ပျောသယ်ဆောင်မှုကို ယခင် NLD လက်ထက်၌ အချေအတင်ဆွေးနွေးမှုများရှိခဲ့သည်။
ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောစိုက်ပျိုးမှုကို ကိုဗစ်ကပ်ဘေးကြောင့် ရပ်နားခဲ့ရာမှ ၂၀၂၃ ခုနှစ်ဆန်းပိုင်းမှ စတင်ကာ နေရာဟောင်းများအပြင် တိုးချဲ့စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောစိုက်ခင်းများကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဝိုုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက်၊ ဗန်းမော်၊ ရွှေကူစသည့်မြို့နယ်များတွင် စိုက်ပျိုးနေခြင်းဖြစ်သည်။ ကချင်ပြည်နယ်တွင် လူမှုအဖွဲ့အစည်းများက ကောက်ယူထားသော စာရင်းအရ တစ်ရှူးငှက်ပျောစိုက်ဧကပေါင်း တစ်သိန်း ခွဲဝန်းကျင်ရှိသည်။