မြစ်ဝကျွန်းပေါ်ဒေသ တလုတ္ထော်မြို့၌ ထင်ရှားသည့် ရေငံပိုင်ဦးရှင်ကြီးပွဲတော် စတင်ကျင်းပနေပြီဖြစ်ပြီး ဒေသတွင်းမှ လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ် တလုတ္ထော်မြို့၌ နှစ်စဉ်ကျင်းပသည့် အဆိုပါနတ်ရိုးရာယုံကြည်မှုပွဲတော်ကို ဇန်နဝါရီ ၂၁ ရက်တွင် စတင်ကျင်းပနေခြင်းဖြစ်ပြီး ငါးရက်ကြာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
“ပွဲတော်ကို နှစ်စဉ်ကျင်းပရတဲ့ဓလေ့ရှိပါတယ်။ ဒီနယ်မှာ ဦးရှင်ကြီးပွဲတော်က စည်ကားပါတယ်။ ပွဲတော်က ဟိုအရင်တုန်းကတော့ ပိုစုံတယ်။ ဇာတ်သဘင်ကြီးတွေ၊ ရုပ်သေးတွေပါတယ်။ အခုနောက်ပိုင်းမှာတော့ ကိုဗစ်ကာလကစပြီး ပွဲတော်အကျဉ်းပဲ လုပ်ဖြစ်ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းတော့ အစဉ်အလာမပျက်ပသမှု ပြုလုပ်ပါတယ်။ ဒီနှစ်မှာလည်း ပွဲတော်အစနေ့မှာတင် လူအတော်စည်ကားပါတယ်” ဟု ဒေသခံ အဘဦးအုန်းမောင်က ပြောကြားသည်။
အဆိုပါပွဲတော်၌ အစားအစာ၊ အသုံးအဆောင်နှင့် လယ်ယာသုံးပစ္စည်းများပါဝင်သည့် ဆိုင်ခန်းပေါင်းများစွာဖြင့် စည်ကားပြီး တေးဂီတနှင့် ဆပ်ကပ်ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။