ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ စေတီတော်တစ်ဆူအား TNLA အဖွဲ့က ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား TNLA အဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှစ၍ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၂၀ ရက်တွင် အပြီးသတ် ပြိုကျပျက်စီးသွားခဲ့ကြောင်းနှင့် အဆိုပါ စေတီတော်အတွင်း ဌာနပနာထားသည့် ပစ္စည်းများကိုလည်း ၎င်းအဖွဲ့က ယူဆောင်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
အဆိုပါ စေတီတော်သည် ရှေးယခင်က ပလောင်တောင်ပိုင် စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများက ပူးပေါင်းကာ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့သည့် စေတီတော်တစ်ဆူဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း MNDAA အဖွဲ့သည် လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ၏ မြောက်ဘက် ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အား သံတူဖြင့် ထု၍ ဖြိုချဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များနှင့် အခြား ဗုဒ္ဓဆင်းတုတော်များအား ထုခွဲဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများက ၎င်းတို့၏ လုပ်ရပ်များကို လက်မခံနိုင်ဘဲ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။