ဘာစီလိုနာအသင်း၏ စပိန်လူမျိုးနည်းပြ ဇာဗီက မိမိတို့အသင်းအနေဖြင့် ယခုရာသီတွင် ခံစစ်ပိုင်းပြဿနာကြုံတွေ့နေရပြီး၊ ဂိုးများအလွယ်တကူပေးနေရသည်ဟု ညည်းတွားပြောဆိုခဲ့ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။
ဘက်တစ်အသင်းနှင့် လာလီဂါပွဲစဉ်မတိုင်မီပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဇာဗီက ဘာစီလိုနာအသင်း၏ ခံစစ်ပိုင်းပြဿနာများအပေါ် ဖွင့်ဟခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် အကောင်းဆုံးကြိုးစားတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၂၀)ပွဲကစားပြီးချိန်တွင် ပေးဂိုး (၂၄) ဂိုးအထိခွင့်ပြုထားရပြီး ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ တစ်ရာသီလုံးပေးဂိုး (၂၀)ဂိုးထက် (၄) ဂိုးပိုမိုများပြားခဲ့သည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံတွင် ဂိုးမပေးရသည့်ပွဲ (Clean Sheet) (၁)ပွဲသာရရှိခဲ့ပြီး ဆယ်စုနှစ် (၂)ခုအတွင်း အသင်း၏ အဆိုးရွားဆုံးသော ခံစစ်စွမ်းဆောင်ရည်မှတ်တမ်းဖြစ်ခဲ့သည်။
ဘာစီလိုနာအသင်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး နည်းပြဇာဗီက ”အသင်းအနေနဲ့ ခံစစ်ပိုင်းပြဿနာ ကြုံတွေ့နေရသလို၊ မဖြစ်သင့်တဲ့အခြေအနေမှာ ဂိုးတွေ လွယ်လွယ်ပေးနေရပါတယ်။ ဒါ့ပြင် တိုက်စစ်ကစားပုံကလည်းထိရောက်မှုနည်းနေပါတယ်။ ကျွန်တော်တို့ဟာ ဘောလုံးဆုံးရှုံးမှုတွေ များပြားခဲ့သလို၊ ပြိုင်ဘက်တွေရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး” ဟု စပိန်အားကစားသတင်းစာ AS သို့ဖြေကြားခဲ့သည်။
ထို့ပြင် ဇာဗီက ယခုအခြေအနေအတွက် မိမိတို့ အနေဖြင့် အပြုသဘောဆောင်မှုကိုရည်ရွယ်ကာ ပြင်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ခံစစ်ပိုင်းအတွက် အသင်း၏အကယ်ဒမီမှလူငယ်ကစားသမားများကို ရွေးချယ်အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇာဗီက ”လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးလက်ခံအဖြေရှာသွားမှာပါ။ အသင်းအကယ်ဒမီမှာလည်း လူငယ်ကစားသမားတွေအသင့်ရှိနေပါတယ်။ ကျွန်တော်တို့အားလုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်အဖြေရှာသွားမှာဖြစ်ပြီး၊ အသင်းအတွက် အကောင်းဆုံးကြိုးစားတည်ဆောက်ပေးသွားမှာပါ” ဟုပြောကြားခဲ့သည်။
ထို့ကြောင့် ဇာဗီအနေဖြင့် အသင်း၏လက်ရှိခံစစ်ပြဿနာအပေါ် စိတ်ပျက်လျက်ရှိနေသော်လည်း လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခံစစ်ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်ရှိတော့ဘဲ လူငယ်ကစားသမားများကို ဦးစားပေးသွားရန်စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ဂိုးသမားစတီဂန်အပါဝင် အာရူဟို၊ ခရစ္စတန်ဆင်၊ အီနီဂိုမာနီနက်ဇ်၊ ကန်ဆယ်လို၊ မားကို့စ်အလွန်ဆိုအစရှိသည့် အဓိက ခံစစ်ကစားသမားများအား ဒဏ်ရာပြဿနာများနှင့် ကြံ့ခိုင်မှု ပြဿနာများကြောင့် မကြာခဏလက်လွှတ်ခဲ့ရသလို၊ နည်းပြဇာဗီ၏ တိုက်စစ်အသားပေး နည်းစနစ်အပြောင်းအလဲမှာလည်း အသင်း၏ခံစစ်အတွက် ဖိအားဖြစ်စေခဲ့သည်ဟု စပိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။