၂၀၂၂ ခုနှစ်က လူပေါင်း ၁၆၀ နီးပါးသေဆုံးခဲ့သည့် ဟောလိုးဝင်းပါတီပွဲ လူအုပ်ပြိုမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုးလ်မြို့ရဲချုပ်ဖြစ်သူကို တာဝန်ပေ့ါဆမှုဖြင့် တရားစွဲဆိုခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ဆိုးလ်မြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သော အီထယ်ဝမ် အရပ်တွင် ကပ်ရောဂါကာလအလွန် ဟောလိုးဝင်းပွဲတော် ပါတီပွဲတစ်ခုတွင် အသက် ၂၀ ကျော်နှင့် ၃၀ ကျော်အရွယ် အ များစုအပါအဝင် လူသောင်းချီ ပါဝင်ဆင်နွှဲခဲ့သည်။
သို့သော် ဘားများနှင့် နိုက်ကလပ်များကြားတွင် တည်ရှိသည့် ကျဉ်းမြောင်းသော ဆင်ခြေလျှော လမ်းကျဉ်းလေးထဲတွင် လူစုပြုံတိုးဝှေ့ရာမှ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၁၅၀ ကျော်သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။
လူအုပ်ပြိုလဲမှု မဖြစ်ပွားမီအန္တရာယ်ရှိကြောင်း အရေးပေါ် အကြောင်းကြားမှု အများအပြား လက်ခံရရှိခဲ့သော်လည်း အဆိုပါအကြောင်းကြားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် မိမိတို့အနေဖြင့် လုံလောက်မှုမရှိခဲ့ဟု တောင်ကိုရီးယားရဲချုပ်ဖြစ်သူက နိုဝင်ဘာ ၁ ရက်တွင် ဝန်ခံပြောကြားခဲ့သည်။
သမ္မတယွန်းဆော့ယိုကလည်း လူရာနှင့်ချီသေဆုံးခဲ့သည့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်းပန်ခဲ့ပြီး တုံ့ပြန်ကိုင်တွယ်ပုံ ပေါ့လျော့မှုအတွက် တာဝန်ရှိနေသူများကို တာဝန်ခံခိုင်းမည်ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့နှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို ပြင်ဆင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ဆိုးလ်မြို့တော်ရဲဌာန၏ အကြီးအကဲကင်ကွမ်ဟိုအား လူသေဆုံးဒဏ်ရာရမှုများ ဖြစ်စေခဲ့သည့် တာဝန်ပေါ့လျော့မှုဖြင့် တရားစွဲဆိုထားကြောင်း ဆိုးလ်မြို့အနောက်ပိုင်းခရိုင် အစိုးရရှေ့နေရုံးက ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၎င်းသည် ဆိုးလ်မြို့၏ ရဲချုပ်တစ်ဦးဖြစ်ပြီး အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အလားအလာကို ကြိုတင်သိရှိနိုင်သော်လည်း လူအုပ်ပြိုမှုဖြစ်ပွားခဲ့သည့်နေ့၌ လုံလောက်သည့် ရဲတပ်ဖွဲ့ဝင်အင်အား ချထားခြင်းနှင့် ကောင်းမွန်သည့် စီမံခန့်ခွဲမှုများနှင့် ညွှန်ကြားမှုများဆောင်ရွက်ခြင်းကဲ့သို့ လိုအပ်သည့် အစီအ စဉ်များကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ တရားရင်ဆိုင်နေရသည့် အဆင့်အမြင့်ဆုံး ရဲအရာရှိဖြစ်သည့် ကင်ကို အကျဉ်းချထားခြင်းမရှိဘဲ တရားစွဲဆိုထားသည်။
ယမန်နှစ် ဇန်နဝါရီလက ကင်နှင့်အတူရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးနှင့် ခရိုင်ရုံးတို့မှ နောက်ထပ်တာဝန်ရှိသူ ၂၂ ဦးအား အီထယ်ဝမ် လူအုပ်ပြိုမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မှားယွင်းညံ့ဖျင်းစွာ ကိုင်တွယ်မှုအတွက် အထူးရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အစိုးရရှေ့နေများထံ လွှဲပြောင်းပေးခဲ့သည်။
ထို့နောက်တွင် အစိုးရရှေ့နေများသည် အီထယ်ဝမ်နှင့် ယုံဆန်ရပ်ကွက်ရုံးတို့ ပါဝင်သည့် ဆိုးလ်မြို့ ယုံဆန်ခရိုင်ရှိ ရဲဌာနအကြီးအကဲများကို တရားစွဲဆိုခဲ့သော်လည်း ဆိုးလ်မြို့ရဲချုပ် ကင်ကွမ်ဟိုကိုမူ တစ်နှစ်ကျော်ကြာသည်အထိ တရားစွဲဆိုခြင်း ပြုမပြုအတွက် ဆုံးဖြတ်ချက်ချခဲ့ခြင်းမရှိပေ။
သို့သော် လက်ရှိအမှုရင်ဆိုင်နေရသည့် ယုံဆန်ရဲဌာန အကြီးအကဲ၊ ယုံဆန်ရပ်ကွက်ရုံး အကြီးအကဲတို့နှင့်အတူ ကင်သည် တာဝန်ပေါ့လျော့ခဲ့သည့်အတွက် လူပေါင်း ၁၅၈ ဦး သေဆုံးပြီး ၃၁၂ ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် အတွက်တာဝန်ရှိနေသည်ဟု အစိုးရရှေ့နေများက ဇန်နဝါရိ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သေဆုံးသူများ၏ မိသားစုများက အစိုးရရှေ့နေများအနေဖြင့် ကင်ကို တရားစွဲဆိုရန် ကြာမြင့်စွာ အချိန်ယူဆုံးဖြတ်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားထားသည်။ “ရဲချုပ်ကင်ဟာ ရာထူးကနေ ချက်ချင်းနုတ်ထွက်ပြီး တရားရင်ဆိုင်သင့်တယ်”ဟု ကွယ်လွန်သူများ၏ မိသားစုများက ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။