သီရိလင်္ကာနိုင်ငံတွင်ပြုလုပ်နေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးအတွင်း လူပေါင်း ၄၀၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များသည် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေနိုင်ကြောင်း ကုလသမဂ္ဂ က ဝေဖန်နေသည့်တိုင် ထိုစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မည်ဟု သီရိလင်္ကာအာဏာပိုင်များက ပြောကြားခဲ့သည်။
ဒီဇင်ဘာလက စတင်ခဲ့သည့် အဆိုပါစစ်ဆင်ရေးအတွင်း လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ရဲတပ်ဖွဲ့နှင့် စစ်သားများသည် အနံ့ခံခွေးများနှင့်အတူညအချိန်များတွင် လူနေအိမ်များကို ဝင်ရောက်စီးနင်းခြင်း၊ ဘတ်စ်ကားများကို ရှာဖွေခြင်း၊ မူးယစ်ဆေးဝါးများကို သိမ်းဆည်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ဖြန့်ချိသူများ၊ မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်ပြီး ဖမ်းဆီးခံခဲ့ရသူများအပါအဝင် သံသယရှိသူများကို ဖမ်းဆီးခဲ့သည်။
ထိုစစ်ဆင်ရေးအတွင်း သံသယရှိသူ ပေါင်း ၄၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများအနက် ၅၀၀၀ ကို ဆက်လက်ထိန်းသိမ်းထားရန် တရားရုံးက အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဒက်ရှ်ရှာဘန်ဒူ တန်နာကွန်းက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။
လူဦးရေ ၂၁ သန်းနေထိုင်သည့် သီရိလင်္ကာနိုင်ငံသည် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုအတွက် အချက်အချာနေရာတစ်ခုအဖြစ် လူသိများခဲ့ပြီး ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးဝါးများ အသုံးပြုနေခြင်း၊ မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် ရာဇဝတ်မှုများမြင့်တက်လာခြင်း အစရှိသည့် တိုင် ကြားချက်များကြောင်း အာဏာပိုင်များသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့်လအတွင်း သီရိလင်္ကာ၏ မူးယစ်ဆေးဝါး ဖြန့်ချိသည့် ကွန်ရက်၏ ၆၅ ရာ ခိုင်နှုန်းကို ဖြတ်တောက်နိုင်ခဲ့ပြီး ယခုလကုန်ပိုင်းတွင် မူးယစ်ဆေးဝါး ဖြန့်ချိသည့် ကွန်ရက်တစ်ခုလုံးကို နှိမ်နင်းရန် မျှော်လင့်ထားကြောင်း တန်နာကွန်းက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများတင်သွင်းနေသူများနှင့် မူးယစ်ဆေးဝါးရောင်းချနေသူများကို စိစစ်ဖော်ထုတ်သည့် ထောက်လှမ်းရေးစစ်ဆင်ရေးများကိုလည်း လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လက စတင်ခဲ့သည့် တရားမျှတမှု စစ်ဆင်ရေးဟု အဓိပ္ပာယ်ရသည့် Operation Yutiya စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့သည် ဥပဒေချိုးဖောက်မှုများရှိခဲ့သည်ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
သီရိလင်္ကာလုံခြုံရေး တပ်ဖွဲ့များသည် ခွင့်ပြုချက်မရဘဲ ရှာဖွေမှုများ၊ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ၊ ရိုင်းပျစွာ ဆက်ဆံမှုများ၊ လူမြင်ကွင်းတွင် သံသယရှိသူများကို အဝတ်အစားများချွတ်ပြီး ရှာဖွေမှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည့် သတင်းများကိုရရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
သီရိလင်္ကာ အစိုးရအနေဖြင့် ထိုစစ်ဆင်ရေးကို ပြန်လည်စိစစ်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွင် လူ့ အခွင့်အရေးကို အခြေခံသည့် ချဉ်းကပ်လုပ်ဆောင်မှုများ ပြဋ္ဌာန်းရန်လည်း တာ့ခ်က တိုက်တွန်းခဲ့သည်။
သီရိလင်္ကာ ပြည်သူ့လုံခြုံရေးဝန်ကြီး တီရန် အဲလက်စ်ကမူ ၎င်းအနေဖြင့် ထိုစွပ်စွဲချက်များကို လက်မခံကြောင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်သည့် စစ်ဆင်ရေးသည် သီရိလင်္ကာနိုင်ငံ၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ကြောင်း ကိုလံဘိုမြို့တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမ်ဘီကာ ဆက်ကူနာနာသန်ကမူ ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများဖြင့် ရှာဖွေခြင်းမဟုတ်ဘဲ ဆင်းရဲမွဲတေသည့် နေရာဒေသများကိုသာ ပစ်မှတ်ထားရှာဖွေနေကာ အကြီးစားမူးယစ်ဆေးဝါးမှောင်ခိုကူးသူများကို လျစ်လျူရှုထားကြောင်း ပြောကြားခဲ့ သည်။