ဇန်နဝါရီ ၁၉ ရက်က ဖိလစ်ပိုင်နှင့် ကနေဒါတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ တစ်စောင်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယင်းသည် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များအကြား အပြန်အလှန် သဘောတူညီမှုတစ်ရပ်ဆီသို့ ဦးတည်စေနိုင်ကြောင်း ဖိလစ်ပိုင်ကာ ကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
“အလှည့်ကျ တပ်ဖွဲ့ဝင်တွေထားရှိရေး သဘောတူညီချက်ရရှိတဲ့အထိ ဦးတည်စေနိုင်တဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို သမိုင်းမှတ်တိုင်သစ်ဖြစ်လာအောင် အခိုင်အမာကြိုးပမ်းခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာနက်ရှိုင်းစေဖို နှစ်ဖက်စလုံးက ပြင်းပြင်းပြပြ ဆန္ဒရှိနေတာကို သိရတဲ့အတွက် ဝမ်းမြောက်မိတယ်”ဟု ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးဂီလ်ဘာတို တီယိုဒိုရိုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကနေဒါနှင့် ဖြစ်နိုင်ဖွယ်ရှိသော အလှည့်ကျတပ်ဖွဲ့ဝင်များထားရှိရေး သဘောတူညီချက်(VFA)ကို မည်သို့ဖော်ဆောင်သွားမည်ကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ခြင်းမရှိပေ။ လက်ရှိတွင် ဖိလစ်ပိုင်သည် အမေရိကန်နှင့် VFA သဘောတူညီချက်ရယူထားပြီး ထောင်နှင့်ချီသည့် အမေရိကန်တပ် ဖွဲ့ဝင်များသည် စစ်ရေးလေ့ကျင့်မှုများနှင့်စစ်သင်တန်းပေးခြင်းတို့အတွက် ဖိလစ်ပိုင်တွင် အလှည့်ကျ ဝင်ထွက်သွားလာခွင့်ရှိသည်။
EDCA ဟု လူသိများသော ၂၀၁၄ ခုနှစ် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး သဘောတူညီချက်အရ ဖိလစ်ပိုင်ရှိ စုစုပေါင်း စစ်စခန်းကိုးခုကို အမေရိကန်က အသုံးပြုခွင့်ရရှိထားသည်။
ဇန်နဝါရီ ၁၉ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ စစ်ဘက်ဆိုင်ရာ ပညာရပ်၊ လေ့ကျင့်သင်ကြားမှု၊ သတင်းအချက်အလက် မျှဝေရေး၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအတွက် နှစ်နိုင်ငံစစ်ဘက်နှင့်ကာ ကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်က အင်အားပြမှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် ကနေဒါက ဖိလစ်ပိုင်ကို ထောက်ခံအားပေးလျက်ရှိပြီး တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်သည်ဟူသော တရုတ်၏ပြောကြားချက်ကို ပယ်ချခဲ့သည့် အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အမြဲတမ်းခုံရုံး၏ ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်ကိုလည်း ကနေဒါက ထောက်ခံခဲ့သည်။
သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။
တရားမဝင် စည်းကမ်းမဲ့ငါးဖမ်းနေသည့် သင်္ဘောများကို တိုက်ဖျက်ရန် ကနေဒါ၏ Dark Vessel Detection(DVD) စနစ်ကျင့်သုံးရေးအတွက် ဖိလစ်ပိုင်နှင့် ကနေဒါတို့ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးနောက်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။ DVD စနစ်ကျင့်သုံးခြင်းကြောင့် ဖိလစ်ပိုင်သည် ၎င်း၏ရေပိုင်နက်နှင့် အထူးစီးပွားရေးဇုန်များအား စောင့်ကြည့်နိုင်စွမ်းတိုးမြှင့်နိုင်မည်ဖြစ်သည်။