အေစီမီလန်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်သည် ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရရှိပြီး လေးကြိမ်ရရှိထားသူ ဒိုနိုဗန်၏စံချိန်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၅ နှစ်ရှိပြီဖြစ်သူ အမေရိကန်လက်ရွေးစင် အသင်းခေါင်းဆောင် ပူလီဆစ်သည် ပြီးခဲ့သည့်နှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ခုနစ်ပွဲကစား၊ ခြောက်ဂိုးသွင်းယူပေးပြီး ၂၀၂၂-၂၀၂၃ ကွန်ကာကပ်ဖ် Nations League ပြိုင်ပွဲ ၌ ဗိုလ်စွဲခဲ့သလို ယင်းပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။
၎င်းအနေဖြင့် ချယ်လ်ဆီးအသင်း၌ ရုန်းကန်ခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ် နွေရာသီတွင် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာပြီး ပြိုင်ပွဲစုံ ၂၆ ပွဲကစား၊ ခုနစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်ပေးထားသည်။
ထို့ကြောင့် ပူလီဆစ်အနေဖြင့် မဲပေးမှု၏ ၅၃ ရာခိုင်နှုန်း အထိရရှိခဲ့ပြီး အေစီမီလန်အသင်းဖော်ကွင်းလယ်လူ မူဆာ (၂၁ ဒသမ ၅ ရာခိုင်နှုန်း)၊ PSV အသင်းတိုက်စစ်မှူး ရီကာဒို ပီပီ (၁၂ ဒသမ ၉ ရာခိုင်နှုန်း) တို့ထက် မဲအရေအတွက်အသာဖြင့် ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပူလီဆစ်သည် ယင်းဆုကို စတုတ္ထအကြိမ် (၂၀၁၇၊ ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၃) ရရှိခြင်းဖြစ်ပြီး ဂန္ထဝင်ကစားသမား လန်ဒန်ဒိုနိုဗန်၏ အကြိမ်အများဆုံးရရှိသည့်စံချိန်နှင့် တူညီသွားပြီဖြစ်သည်။